မြစ်ရေသည် စီးဆင်းနေ၏။ ပုံမှန်ဆို မြင်းနှင့်ကူးသန်းသွားနိုင်သော ဒေါနမြစ်သည် ယခုတော့ဖြင့် တဝေါဝေါဖြင့်မြည်ဟီးနေလေသည်။တောင်ကျရေနှင့်ပေါင်းကာ မြစ်ရေသည် ကမ်းနှစ်ဖက်အားခြိမ်းခြောက်ထား၏။ညအချိန်ကမိုးသည်လည်း သည်းထန်စွာရွာချထား၍ ပတ်ဝန်းကျင်သည် စိုထိုင်းထိုင်းဖြစ်နေသည်။
နေမွန်းတည့်ချိန်အထိရေကျဦးမည်မဟုတ်၍ သက်ပြင်းသာချပြီး ပြန်လှည့်ခဲ့၏။မတတ်နိုင်...စောင့်ရုံသာရှိသည်။
" ဘကြီး...ဘယ်လိုလုပ်မလဲ "
လူအုပ်စုနားပြန်ရောက်တော့ မိန်းမပျိုတစ်ဦးသည် သူ့အားမေးလာ၏။သူတို့သည် ရွာကိုပစ်၍ မြို့တော်သို့ပြောင်းရွေ့လာကြသော အညတရဆင်းရဲသားများပင်။လှည်းမရှိနွားမရှိမြင်းမရှိနှင့်မြို့တော်သို့ရောက်အောင်လာခဲ့ကြရသည်မှာ ယခုတော့ဖြင့် မြစ်ကိုဖြတ်၍ မြင်နေရပေသည်။သေချင်သည့်ကျားတောပြောင်းဆိုသလို လမ်းခရီး၌ ခိုးဆိုးလုယက်မှုတို့ခံရကာ ဘဝတစ်သက်စုဆောင်းထားသော ငွေအသပြာများမှာ ပါသွားခဲ့လေပြီ။သို့နှယ် နွမ်းဖတ်ဖတ်အဝတ်အစားများနှင့်သူတို့သည် လမ်းတွင် တောင်းစားခဲ့လေရင်း ဒေါနမြစ်ကမ်းသို့ ရောက်လာခဲ့သည်။စံတိုင်း ...သူ့ကိုမေးလာသည့် မိန်းမပျိုကိုကြည့်သည်။ထို့နောက် မိန်းမပျို၏ ဝမ်းတွင်းသန္ဓေဆီသို့ အကြည့်ရောက်သည်။ကိုယ်ဝန်သည် ရင့်လှပြီဖြစ်သည်။မွေးချိန်လည်း တန်နေပေသည် ၊ ဘယ်ချိန်ခါမွေးမလဲတွေးပူလျက် မိန်းမပျို၏မျက်နှာမှာ ပူပူဆွေးဆွေး။
" ခဏတော့ စောင့်ရမှာပဲ ၊ မွန်းတည့်ချိန်မှရေမကျရင်တော့ နီးစပ်ရာရွာသွားပြီး ခဏတည်းကြမယ်"
နီးစပ်ရာရွာသွား၍ တည်းခိုကြမည်ပြောသော်လည်း ၎င်းနေရာမှာဇရပ်တစ်ဆောင်သာဖြစ်မှန်းအားလုံးကသိသည်။
" ရေကျချိန်မစောင့်ဘဲ ခဏသွားနေကြမလား ၊ ပန်းဆိုင်းရဲ့ဗိုက်က မွေးတော့မယ်ထင်တယ်တော့...ကျုပ်ကိုင်ကြည့်တာ တင်းပြောင်နေတာပဲ "
အမျိုးသမီးတစ်ဦးက ဝင်ပြောသည်။
စံတိုင်း သူ့မယားကိုကြည့်၍
YOU ARE READING
ပိတောက်တစ်ခက်ထန်းတစ်လက်
Historical Fictionကချေသည်တစ်ယောက်ဟာ မင်းတစ်ပါး အရှေ့ဝယ် ကပြအသုံးတော်ခံလာရတယ်။မင်းကြီးက မေးတယ် " ကိုယ်တော်တို့ သိလား "တဲ့။ ကချေသည်လေးဟာ ပြန်ဖြေတယ်။ "ပထမဆုံးတွေ့ဆုံမှု"ပါတဲ့။ ကချေသည်လေးဟာ သီချင်းတစ်ပိုဒ်ကိုဆိုညည်းတယ်။ "ပါးလျပေသော.....တိမ်ကြိုးမျှင်မျှင် လေနှင်ရာ...သွ...