အခန်း(၉)

228 12 5
                                    

အုံ့ဆိုင်းမှိုင်းရီလှသော တောအုပ်အလယ်ဝယ် မြင်းလှည်းနှစ်စီးသည် တရွေ့ရွေ့သွားနေလေသည်။မြေသားလမ်းကလေးပေါ်တွင်တော့ ရွက်ကြွေများသည် ခြောက်သွေ့ဝါကြန့်မနေပေ။စိမ်းစိုနေဆဲဖြစ်ပုံမှာ နေပြောက်ပင်မထိုးနိုင်သော သစ်ရိပ်ဝါးရိပ်ကြောင့်ဖြစ်နိုင်၏။ကျေးငှက်များမှာ တစ်ပင်ပြီးတစ်ပင်ကူး၍ မြင်းလှည်းကို အဝေးမှ အကဲခတ်နေလေပြီးတကျီကျီမြည်သံပေးလျက်ရှိသည်။

မြင်းလှည်းနှစ်စီး၏ အရှေ့အနောက်တွင်တော့ မြင်းလေးကောင်ကိုယ်စီစီးနေသော အစောင့်ရှစ်ဦးရှိနေလေသည်။မြင်းလှည်းအတွင်းမှ လူတွေကတော့ တိတ်ဆိတ်ငြိမ်သက်လျက် သတိအနေအထားဖြစ်နေပေသည်။ဘေးတွင်လည်း ဓားအားအသင့်အနေအထား ချထား၏။

လေတစ်ပြိုက်သည် သုတ်ခနဲဝေ့တိုက်လာသည်။တောအုပ်သည် လူသူသံကင်းမဲ့နေဆဲပင်။ရွက်ကြွေတချို့သည် လေထဲတွင် ပြန့်ကြဲကျလာလေ၏။မြင်းပေါ်က အစောင့်ရှစ်ဦးမှာ ချက်ခြင်းပဲခါးမတ်သွားပြီး ကျောပေါ်ရှိဓားအား ဆွဲထုတ်လိုက်ကြသည်။

" ဘာဖြစ်လို့လဲ "

မြင်းလှည်းထဲမှလူသည် ဓားထုတ်လိုက်သည့်အသံကြောင့် အတွင်းမှလှမ်းမေးသည်။

" မသင်္ကာစရာအခြေအနေကြောင့်ပါ "

မြင်းပေါ်မှအစောင့်တစ်ဦးသည် ပြန်ဖြေ၏။ထိုအခါ မြင်းလှည်းထဲမှလူသည် ဓားကိုကိုင်ယူထားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ဤလမ်းမှ လာမည်ဆိုကတည်းက သူတို့သည် ဓားပြများနှင့်ကြုံတွေ့ရမည်ကို ကြိမ်းသေမုချသိထားသည်။သို့သော် သွားလာဖို့ရာသည် ဤလမ်းမှလွဲ၍ အခြားလမ်းမရှိပေ။ထို့ကြောင့် လက်ရွေးစင်ကြေးစားဓားသမားများကိုငှား၍ လိုရာခရီးသို့ လာရလေ၏။ယခုတော့ဖြင့် ဓားပြများနှင့်ထိပ်တိုက်ဆုံတော့မည်ထင်ပါ့။

ထိုစဉ်တွင် သစ်ပင်‌များပေါ်မှ သစ်ရွက်ကလေးများလှုပ်ခါသွားပြီး 'ရွှတ်' ခနဲမြည်သံနှင့်အတူ မြှားတံများသည် လေထဲတွင်ဝဲပျံလာသည်။၎င်းတို့ဦးတည်ရာသည် မြင်းပေါ်ရှိအစောင့်များပေါ်သို့ ဖြစ်သည်။သို့သော် အစောင့်များမှာ လွယ်လင့်တကူခြုံခိုတိုက်ခိုက်၍ရသူများမဟုတ်ပေ။သူတို့သည် ဓားပြားများဖြင့် မြှားတံများကိုလွှဲရိုက်ပြီး မြင်းပေါ်မှခုန်ဆင်းလိုက်ကြသည်။မြင်းကိုအကာအကွယ်ယူ၍ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ကြ၏။ပတ်ဝန်းကျင်တွင်တော့ သက်ရှိသက်မဲ့များမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။အစောင့်များသည် မျက်ဝန်းကိုမှေးစင်း၍ သစ်ပင်များပေါ်သို့ ချောင်းမြောင်းကြည့်လိုက်သည်။သစ်ပင်များမှာ အကိုင်းအခက်များဖြင့် အုံ့ဆိုင်းထူပိတ်နေ၍ လူခိုနေသည်လား သဲသဲကွဲကွဲမမြင်နိုင်ပေ။သူတို့သည် သတိကိုအလွတ်မပေးဘဲ ဓားပြားအားခန္ဓာကိုယ်ရှေ့တွင် အသင့်ကာထားလေ၏။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now