အခန်း (၁၀)

235 15 1
                                    

စဝ်ဝဏ္ဏ ဆေးတံကိုလက်ကိုင်လျက်ဖြင့် ဖမ်းမိလာသော ဓားပြခေါင်းဆောင်ဘေးသို့ လျှောက်သွားလိုက်သည်။သူ၏သျှောင်ထုံးမှာ ပြိုပျက်နေ၍ ပုခုံးထက်သို့ အထွေးလိုက်ကျနေလေသည်။ဆံသားများမှာ လျှော်ထားခြင်းရှိဟန်မတူပေ ၊ သဲအလိမ်လိမ်ကပ်၍ချေးအထပ်ထပ်ထူလျက်ရှိသည်။အနံ့အသက်မှာ ခပ်လှမ်းလှမ်းက သူပင်နှာခေါင်းရှုံ့မိ၏။အပျိုတော်ဆန်သောရုပ်ရည် ၊ အရိုင်းဆန်သောပြင်ဆင်ခြယ်သမှုများနှင့်အတော်ထူးဆန်းသော ဓားပြခေါင်းဆောင်။ဓားဦးထိပ်ဖြင့် မျက်နှာစည်းကိုဖယ်ချွတ်လိုက်ချိန်တွင် ဝင်းပပထွက်ပေါ်လာသည့်မျက်နှာကြောင့် သူ့မှာတအံ့တဩဖြစ်ပြီး ဣိတ္ထိယတစ်ဦးလားဟုပင် မင်သက်ယုံမှတ်မိသွားကာ အိမ်တော်သို့ပင် ခေါ်လာမိချေ၏။အခုတော့ဖြင့် ညစ်ပတ်နံစော်‌‌နေသောအထီးကြီးဖြစ်လို့နေသည်။

သူ ခပ်လှမ်းလှမ်းက မတ်တပ်ရပ်ကြည့်နေသည်ကို ထိုသူသည် မနေတတ်ဟန်ဖြင့် လက်ချောင်းထိပ်ကလေးများအား တတောက်တောက်လုပ်၍ ဆော့ကစားနေပေသည်။မျက်နှာမှာလည်း ခြေထောက်ထံမှဆန်တက်လာသော နာကျင်မှုကြောင့် တစ်ချက်တချက်တော့ တွန့်တွန့်သွားသည်။

" မောင်မင်း နာမည်က ဘယ်သူတုန်း "

သူ ဆေးတံကိုပြာခွက်ထဲထည့်၍ ခုံတွင်ဝင်ထိုင်ပြီး မေးလိုက်သည်။ဓားပြခေါင်းဆောင်မှာ သူမေးလာသည်ကိုမဖြေဘဲ ပြတင်းပေါက်ဆီသို့ကြည့်ကာ အတွေးနယ်ချဲ့နေပုံရသည်။ထွက်ပြေးဖို့ကြံစည်နေလည်း ခြေထောက်ကဒဏ်ရာနှင့်အိမ်တော်အပြင်သို့ပင်ရောက်နိုင်မဟုတ်။

" ဟေ့...ဓားပြယုတ် ငါမေးနေတယ်လေ "

ထိုအခါတွင် သူ့ဘက်လှည့်ကြည့်လာပြီး ခပ်စိမ်းစိမ်းကြည့်လေ၏။ရင်အစုံသည် နိမ့်ချည်မြင့်ချည်မြင့်လာပြီး ဒေါသထွက်လာသည့်ပုံနှယ်။
စိတ်ကလည်း လက်တဆစ်...မေးတော့လည်းမဖြေဘူး။

" ကျုပ်ကို ဓားပြယုတ်လို့မခေါ်နဲ့...မကြိုက်ဘူး "

" အော် အေး...ဓားပြကောင်းလေး ၊ ကျန်းခန့်သာလို့မာပါစ...ဘွဲ့ထူးဂုဏ်နာမည်လေးပြောပြလို့ရမလား လို့ငါကမေးရမှာလား။ကောင်းကောင်းမေးရင် ကောင်းကောင်းဖြေ...လျှာဖြတ်ပစ်လိုက်လို့ ညစာကျွေးမဲ့ထမင်းဟင်းလေး အရသာမခံနိုင်ဘူးဖြစ်သွားမယ်။ငါ မေးတာဖြေစမ်း ၊ မင်းနာမည်ဘာလဲ "

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now