အခန်း (၈)

239 9 0
                                    


ခန္ဓာ‌ကိုယ်ပေါ်၌ဆေးမင်ကြောင်ထိုးထားသော ယောကျာ်းသာအချို့သည်လက်ခမောင်းခတ်၍ခြေတကြွကြွလက်ရည်တပြင်ပြင်ဖြစ်နေကြ၏။သူတို့သည် မောင်းသံရွာသားများပင် ၊ တိတိပပဆိုရပါလျှင် ဘုန်းတော်ကြီးထံ၌ ပွဲကျောင်းပညာကိုသင်ယူနေကြသော ကာလသားလူပျိုပေါက်ကလေးများဖြစ်ကြ၏။သူတို့အနီးတွင်‌‌တော့ ‌ခြောက်နှစ်အရွယ်ယောာကျာ်းလေးတစ်စုကလည်း ဂနာမငြိမ်ဖြစ်နေလေသည်။ရွာသူရွာသားအုပ်စုကြီးကတော့ စင်ဘေးတွင်ရပ်၍ စတော့မည့်ပွဲအား စိတ်ဝင်စားနေကြသည်။အချို့က ကိုယ့်သွေးသားကိုယ့်အမျိုးအချာအား လက်ညိုးထိုးပြနေပြီး မျိုးဂုဏ်မာန်ယစ်နေကြလေသည်။

သူဇာနှင့်နန်းဦးသည် လူအုပ်ကြီးထဲတွင်ရောထွေး၍ ပွဲကျောင်းသားများအားအကဲခတ်နေကြသည်။နန်းဦးသည် အရပ်မမှီ၍  ပွေ့ချီထားရ၏။သူတို့နောက်တွင် သက်တော်စောင့်ကိုးယောက်ကလည်း ဟိုကြားသည်ကြားဝင်နေပြီး ပွဲအားကြည့်လျက်ရှိသည်။

ပွဲကျောင်းသင်ပေးသော ဘုန်းတော်ကြီးကတော့ စင်ဘေးရှိတစ်နေရာတွင်လက်ပိုက်၍ ငြိမ်သက်နေ၏။သူသည် မရယ်မပြုံးမျက်နှာထားနှင့်နှုတ်ခမ်းအားတင်းတင်းစေ့ထားသည်။သူ့ဘေးတွင် လူအချို့ဝိုင်းအုံနေပြီးယပ်ခပ်ပေးသူအချို့လည်းရှိသည်။ဘုန်းတော်ကြီးသည် ကာလသားများအား ပွဲကျောင်းပညာရပ်သင်ပေးလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။သူသည် မောင်းသံရွာရှိကာလသားများကို သိုင်းပညာသင်ပေးပြီး တစ်နှစ်တစ်ခါကျင်းပသော သင်္ဂဟတိုင်း၏ဆင်ရေးမြင်းရေးပွဲသို့ စေလွှတ်သည်။ထိုမှတဆင့် လက်ရွေးစင်သက်တော်စောင့်မင်းမှုထမ်းအဖြစ်သို့ ယှဉ်ပြိုင်စေသည်။သို့သော် နိုင်ငံအဝန်း၌ ပွဲကျောင်းပညာရပ်ကို သင်ပေးနိုင်သူသည် သူတစ်ယောက်တည်းမဟုတ် ၊ များပြားလှသည်ဖြစ်ရာ သူ၏တပည့်များသည် အထက်သို့မတက်လှမ်းနိုင်ဘဲ ရိုးရိုးစစ်သည်တော်များအဆင့်၌သာ အမှုထမ်းကြရသည်။ဤနှစ်တွင်လည်း မောင်းသံရွာ၏ လက်ရုံးရည် ၊ နှလုံးရည်အသာဆုံးသူမှာ ဘယ်သူဖြစ်မလဲ စောင့်ကြည့်ရတော့မည်။သူ သင်ပေးသမျှတပည့်တိုင်းမှာ ထင်းထင်းကြီး ထူးချွန်ပြောင်မြောက်နေသော တပည့်မ‌တွေ့မိသေးပေ။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now