အခန်း(၅)

321 10 0
                                    




" စက်တော်ခေါ်တော့မလို့လား မောင်တော် "

သူဇာသည် သမီးတော်၏လက်ကလေးကိုဆုပ်ကိုင်ထား၏။သီဟရာဇာ နန်းတက်ခဲ့သည်မှာ လေးနှစ်မျှသာရှိသေး၍ သူ့တွင်မိဖုရားများများစားစားမရှိပေ။မောင်းမအနည်းငယ်နှင့်မိဖုရားဆို၍ သူဇာသာရှိသည်။သားသမီးဆို၍လည်း သူဇာကမွေးသော သမီးတော်တစ်ပါးသာရှိလေ၏။ထို့အပြင် သူသည်လည်း တောင်နန်းမြောက်နန်း ၊ အရှေ့တစ်ဆောင် ၊ အနောက်တစ်ပြောင် လေးမျက်နှာအဆောင်မထားချင်သူမို့ မိဖုရားထပ်မကောက်ခဲ့လေဘူး။

တစ်ပါးတည်းသောမိဖုရား ၊ တစ်ပါးတည်းသောသမီးတော်ကို ကြည့်၍ သီဟရာဇာသည် တံခါးကိုပြန်ပိတ်လိုက်သည်။သူသည်သလွန်ညောင်စောင်းနားသွား၍ ထိုင်ချကာဖြင့်ဆိုသည်။

" ညတွင်းချင်းသွားပေတော့ သူဇာ ၊ အမတ်ယုတ်တွေ မိုရ်ရကန်တွေနဲ့ပူးပေါင်းမယ်လို့ သတင်းရရှိထားပြီးပြီ။သူတို့တွေ အချိန်မရွေး ပုန်ကန်နိုင်တယ်။"

" နှမတော် မသွား...."

" မသွားချင်လို့မရဘူး သူဇာ ၊ ဒါ ဘုရင့်အမိန့်ပဲ၊ အပြင်မှာအထိန်းတော်ကြီးဥမ္မာရှိတယ်။သက်တော်စောင့်ကိုးဦးလည်းစောင့်နေပြီ ၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ လိုက်သွားတော့။"

သူဇာ သူ၏ဘဝလက်တွဲဖော်ဖြစ်ပြီး ချစ်ခင်မြတ်နိုးရသူ၏မျက်နှာတော်ကို တစိမ့်စိမ့်ကြည့်သည်။အကြည့်ထဲတွင် စွန့်ခွာရှောင်ပြေးလိုစိတ်တွေသည် စိုးစဉ်မျှမရှိပေ။ကြည်လဲ့လာသော မျက်ဝန်းအိုင်၌ မျက်ရည်မိုးတို့သည် လျှံလုနီးနီး။သူဇာသည် မျက်ရည်တွေကိုပုတ်ခတ်သိမ်းဆည်း၍နှုတ်ဖျားမှ စကားလုံးအချို့ကိုပြန်၍မျိုချချုပ်တည်းသည်။

" ကောင်းပါပြီ ၊ အမိန့်တော်မြတ်ကိုနာခံပါ့မယ် "

သူဇာသည် သမီးတော်ကိုချီသည်။သလွန်ခေါင်းရင်းမှ သူ၏‌ ရွှေဆံထိုးအားယူ၍အပြင်သို့တရွေ့ရွေ့ခြေလှမ်းသည်။သူသည် တစ်စုံတရာကိုသတိရဟန်ဖြင့် နောက်ပြန်လှည့်လာပြီး နန်းဆောင်တွင်း၌ ချိတ်တင်ထားသော ဓားတစ်လက်အားဆွဲယူလေ၏။၎င်းဓားသည် မိုးမျက်ဟေမာန်ဓားဖြစ်ပြီး သူ၏ဖခင်ပေးခဲ့သော လက်ဆောင်တစ်ခုပင်။သူ့အတွက် ဓားမကိုင်ရသည်မှာ အချိန်ပင်ဘယ်လောက်ကြာညောင်းခဲ့ပြီဖြစ်ကြောင်း ဓားကိုဆွဲကိုင်ချိန်တွင် သိလိုက်ရသည်။ဓားကိုလက်ကကိုင်ဆွဲ၍ သူဇာသည် နန်းဆောင်အပြင်သို့ ထွက်ခွာသွားသည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now