အခန်း (၁၃)

206 12 0
                                    

ပြာသိုလအဝင်စဖြစ်၍ နန်းဥယျာဉ်ထဲရှိ ခွာညိုပင်များ၌ ခွာညိုပန်းများဟာ ပွင့်လန်းဖို့ရန် ကြိုးပမ်းနေပေသည်။ဆောင်းကာလဖြစ်၍ မြူခိုးငွေ့များဟာ မွန်းတည့်ချိန်ရောက်သည့်တိုင် လေထုထဲတွင် ဝေ့ဝဲနေဆဲပင်။
နွေရာသီမဟုတ်ပေမဲ့ ဥဩငှက်၏ တွန်ကြူးသံကို ကြားနေရ၏။တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်လေးမှာ ဥယျာဉ်ထဲတွင် အထီးကျန်သယောင်ပင်။လေသည်ဝေ့တိုက်သွား၍ စမ်းချောင်းဘေးရှိ ဝါးပင်မှ ဝါးရွက်အချို့ဟာ လေထဲဝယ် ပတ်ချာလည်ကာဖြင့် စမ်းချောင်းထဲသို့ ကျဆင်းသွားသည်။

" အခုထိ ကိုယ်တော့်ကို စကားမပြောသေးဘူးလား "

စကားသံတစ်ရပ်ဟာ စမ်းရေစီးဆင်းသံကြားတွင်ထွက်ပေါ်လာသည်။သက်ပြင်းချသံဟာလည်း စမ်းရေထဲတွင် စီးပါမျောဝင်သွားသည့်ဟန်နှင့်တိုးရှပျောက်ကွယ်သွား၏။

မင်းတရားသည် ထိုင်နေရာမှထရပ်လိုက်သည်။သူသည် မိဖုရားခေါင်ကြီးအားကြည့်၍

" သားတော် သူ့ရဲ့ဦးရီးတော်အိမ်မှာကြိမ်းစက်မယ်လို့ စာပါးလာတယ်။ဒီည ကိုယ်တော်လာရပါ့မလား "

မိဖုရားခေါင်ကြီးသည် စမ်းချောင်းကိုသာ ငေးစိုက်ကြည့်နေပြီး စကားပြန်ဆိုမလာခဲ့ပေ။သူသည် အသက်မဲ့နေဟန်ဖြင့် ငြိမ်သက်နေပြီး ဆွံ့အနားမကြားသူလိုသာ ပြုမူလျက်ရှိ၏။မင်းကြီးသည် ဘေးတွင်ရပ်လျက်ရှိနေရာမှ မိ‌ဖုရားခေါင်ကြီးကိုတစ်ချက်မျှကြည့်ကာ ခြေကိုလှမ်း၍ ထွက်သွားလေသည်။ကျန်ရစ်ခဲ့သူ မိဖုရားခေါင်ကြီးမှာ ထွက်သွားသူကို လှည့်မကြည့်ပါဘဲ စမ်းချောင်းထဲတွင် မျောပါသွားသော ဝါးရွက်များကို ရေတွက်နေပေသည်။

ခဏအကြာတွင် ခြေသံတိုးတိုးဟာ အနီးအနားဆီမှထွက်ပေါ်လာပြီးနောက် အပျိုတော်တစ်ဦးသည် ရောက်လာလေသည်။သူသည် မိဖုရားခေါင်ကြီး၏ အနောက်တွင် ခါးရို့လျက်ဖြင့် ဆိုလေ၏။

" အိမ်ရှေ့စံဆီမှ စာလွှာပို့လာပါတယ် "

မိဖုရားခေါင်ကြီးသည် နောက်သို့ပြန်လှည့်၍ အပျိုတော်မိန်းမပျိုကိုကြည့်သည်။အပျိုတော်သည် လက်ထဲမှစာအား မိဖုရားခေါင်ကြီးထံဆက်သ၍ ပြန်လည်ထွက်ခွာသွားလေ၏။လက်ထဲသို့ ရောက်ရှိလာသည့်သားတော်မောင်၏ စာလွှာကို ဖြန့်၍ ဖတ်လိုက်ပေသည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now