Chapter - 8

201 44 2
                                    

[Unicode]

" အဲ့တာ အစားအသောက်နဲ့မျှားပြီး ညှင်းပန်းနှိပ်စက်နေတာ "

ပလတ်စတစ်အိတ်ထဲသို့ ငုံ့ကြည့်ရင်း ဂျောင်ဂျီဖီလ်က ပြောလာ၏။ ဂီယောင်ဟွန်းဘေးနားရှိ အတန်းဖော်များက ဂျောင်ဂျီဖီလ်၏စကားအား နားစွင့်မနေသည့်တိုင် လှောင်ပြောင်သရော်သံများပြုလာကြ၏။ သူသည်လည်း ခပ်လွင်လွင်ကလေး ရယ်လိုက်မိ၏။

အင်ဒယ်ဟန်က မိမိအား အတင်းအကြပ်စားခိုင်းခြင်း မဟုတ်သည့်အပြင် သူဝယ်ပေးလိုက်သောပမာဏသည်လည်း သူတို့အရွယ်လူငယ်တစ်ယောက်အဖို့ တစ်ယောက်ထဲစားရန်မှာ လုံလောက်ပေ၏။

အရသာမျိုးစုံပါသည့် အအေးဗူးများ၊ပေါင်မုန့်အစုံအလင်နှင့် ပီကေများအစရှိသည့် အတန်းထဲ၌ သရေစာအနေဖြင့်စားရန် သင့်တော်သောမုန့်များပါဝင်သည်။ သို့သော် ဂျောင်ဂျီဖီလ်ကတော့ ဂီယောင်ဟွန်းအား အမြဲတစေမုန့်ပဲသရေစာများ ဝယ်ကျွေးနေတတ်သည့် အင်ဒယ်ဟန်အား သဘောကျပုံမရချေ။

" အဲ့ကောင်က မင်းကို အစာဝအောင်ကျွေးပြီး သတ်ဖို့လုပ်နေတာ "

" ဟေ့ကောင် မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာ တော်တော့ "

ဂီယောင်ဟွန်း၏ စကားကြားပြီးနောက် ဂျောင်ဂျီဖီလ်က သူ့ခေါင်းကို ခါယမ်းလို့လာ၏။

ဂျောင်ဂျီဖီလ်၏ တစ်စုံတစ်ရာအသေအချာမသိပဲနှင့် အရာအားလုံးအား သိနားလည်နေသလို ဆရာကြီးဂိုက်ဖမ်း၍ ခေါင်းတညိမ့်ညိမ့်လုပ်နေသည့်ပုံစံအား ဂီယောင်ဟွန်း ကြည့်မရဆုံးပင်ဖြစ်၏။ ဂျောင်ဂျီဖီလ်အား စိုက်ကြည့်နေသည့် သူ့မျက်နှာထားဟာ ခက်ထန်ပြီးတင်းမာလို့နေသည်ကို သူကိုယ်တိုင်တောင် သတိမထားမိခဲ့ပေ။

ဂျောင်ဂျီဖီလ်က နှုတ်ခမ်းတစ်ချက်သပ်ကာ ဂီယောင်ဟွန်း ပခုံးအားပုတ်လာလေ၏။

" ဟေ့ကောင် စိတ်မပူပါနဲ့ ၊ ဒီအစ်ကိုကြီးက မင်းကို ကူညီပေးပါ့မယ် "

နေ့လည် အတန်းချိန်နှစ်နာရီစာနီးပါး ကျောင်းပြေးခဲ့သည့် အင်ဒယ်ဟန်က နားချိန်၌ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပြောခဲ့သည့်စကားအတိုင်း အမှန်တကယ်ကို ဂျောင်ဂျီဖီလ်က အနောက်တံခါးမှ ဝင်လာသည့် အင်ဒယ်ဟန်ရှေ့၌ မတ်တပ်ရပ်ကာ အနှီသူအား ရင်ဆိုင်လိုက်လေ၏။ ဒယ်ဟန်က သူ့ရှေ့၌ပိတ်ရပ်ကာ မျက်မှောင်ကြုပ်ထားသည့် ဂျောင်ဂျီဖီလ်အား ခေါင်းအနည်းငယ်ငဲ့စောင်း၍ ကြည့်လာသည်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now