Chapter - 9

210 48 3
                                    

[Unicode]

ညပိုင်းစာကြည့်ချိန် ကုန်လွန်ခဲ့ပြီးနောက် အိမ်ပြန်ရန် အနောက်တံခါးမှ ထွက်လာသည့်အခိုက် လမ်းမပေါ်၌ မားမားမတ်မတ်ရပ်နေခဲ့သော ခပ်ထွားထွားလူရိပ်တစ်ခုအား မြင်လိုက်ရ၏။ ထိုပုံရိပ်ကား ညအချိန် တောင်တက်ခဲ့စဉ်က သူ တွေ့ဖူးခဲ့သည့် ဝက်ဝံကြီးတစ်ကောင်ကိုတောင် အမှတ်ရသွားစေခဲ့သည်။

ထင်ထားသည့်အတိုင်းပင် လူရိပ်မှာ ဒယ်ဟန်ဖြစ်နေပြီး လက်ထဲ၌လည်း ပစ္စည်းတစ်ခုခုအား ကိုင်ထား၏။ ဂီယောင်ဟွန်းက လွယ်အိတ်ကြိုးအား ကိုင်ကာ ခွန်အားများကိုမူ လက်နှင့်ခြေချောင်းလေးများအပေါ်သို့ စုစည်းလျက် ခေါင်းအနည်းငယ်စောင်းကာ သူ့ အနားသို့ တစ်လှမ်းချင်း ချည်းကပ်သွားလိုက်သည်။

" ဟိုင်း "

ဒယ်ဟန်၏ နှုတ်ဆက်လာသံက နေ့လည်ကလောက် ဒေါသထွက်ကာ ကြမ်းတမ်းနေသည်မျိုးမဟုတ်သလို တိုးဖွဖွလေးလည်း မဟုတ်ခဲ့ချေ။ နေ့လည်က အဖြစ်အပျက်ကြား ထင်ဟပ်ခဲ့သော အင်ဒယ်ဟန်၏ မျက်နှာထားအား ပြန်တွေးမိသည့်အခါ စိတ်မကောင်းဖြစ်ရ၏။ ပုံစံကတော့ နဂိုအတိုင်း တိတ်ဆိတ်ကာ မထုံတတ်တေးပင်။

" ဟိုင်း "

ဂီယောင်ဟွန်းက ပြန်နှုတ်ဆက်ပြီး မျက်လွှာချလိုက်၏။

အင်ဒယ်ဟန့် လက်ဖဝါးထဲ၌ ကိုင်ထားသည်မှာ ယပ်တောင်ဖြစ်ပြီး နေ့လည်က ယူသွားသည့် ကြော်ငြာစာပါသော ယပ်တောင်မဟုတ်ပဲ စတော်ဘယ်ရီသီးပုံစံရှိသည့် ယပ်တောင်တစ်ချောင်းဖြစ်နေ၏။

အနှီယပ်တောင်မှာ ကိုင်ဆောင်ထားသည့် ပိုင်ရှင်နှင့် မလိုက်ဖက်စွာ အင်မတန်မှချစ်စရာကောင်းနေပေသည်။

ဒယ်ဟန်က " အင်း " ဟု အဖြေပေးသံတစ်ခုပြုပြီးနောက် ယပ်တောင်အား ဂီယောင်ဟွန်းရှေ့မှောက်၌ သာသာလေးဝှေ့ယမ်းလာ၏။

" မင်းက အိုက်တယ်ပြောလို့ "

" မင်း အဲ့တာကို ကိုယ်တိုင်ဝယ်ခဲ့တာလား? "

" သူတို့မှာ ဒါပဲရှိလို့ "

အင်ဒယ်ဟန်က ကျောင်းအနောက်ဘက်တံခါးအနီးရှိ စာရေးကိရိယာဆိုင်လေးအား မေးဆတ်ပြလာ၏။ ထိုဆိုင်လေးဟာ စာရေးကိရိယာဆိုင်ဆိုသည်ထက် စတိုးဆိုင်အသေးစားလေးဟုပြောလျှင် ပိုမှန်လောက်မည်။ ၎င်းဆိုင်လေးသို့ ကျောင်းသားများ အလာနည်းကာ အများစုမှာ ညပိုင်းစာကြည့်ချိန်ပြီးသည်နှင့် သရေစာရောင်းချသည့်မုန့်ဆိုင်များသို့သာ သွားတတ်ကြခြင်းကြောင့်ဖြစ်သည်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now