Chapter - 10

256 51 2
                                    

[Unicode]

ကလေးဘဝတည်းက ဂီယောင်ဟွန်း၌ မဝံ့မရဲနှင့် တွန့်ဆုတ်တွန့်ဆုတ်လုပ်ကာ ရှက်တတ်သည့်အကျင့်ရှိလေသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းအကြောင်းမူကား သူ့အစ်ကို၏ ရဲတင်းကြမ်းတမ်းသည့်စရိုက်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ကာ အချိန်ကြာလာသည်နှင့်အမျှ ထိုအရာသည် ဂီယောင်ဟွန်း၏ ပင်ကိုယ်ပုံစံအဖြစ်သို့ ပြောင်းလဲလာခဲ့၏။

ရာထူးကြီး အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရရှာသည့် သူ့အဖေ သာမက သူ့အမေ၌လည်း ယင်းကဲ့သို့ ရှက်တတ်ကာ မဝံ့မရဲစရိုက်မျိုးမရှိကြချေ။

အကြောင်းအရင်းကိုမူ သူလည်း အတိအကျမသိပါချေ။ သူသည် တွန့်ဆုတ်တတ်ရုံသာမက အလွယ်တကူလည်း ကြောက်ရွံ့တတ်သေး၏။

ထို့ကြောင့်လားတော့မသိ၊ သူပေါင်းသည့် သူငယ်ချင်းအများစုက သူ့လိုပုံစံမျိုးတွေသာဖြစ်သည်။ ဂျောင်ဂျီဖီလ်ကတော့ အနည်းငယ်ကွဲပြားသည်ဆိုသော်ငြား ထိုသူသည်လည်း သူ့ထက်ခွန်အားကြီးသန်မာသောလူများရှေ့တွင်မူ ယုန်ငယ်လေးတစ်ကောင်သာ ဖြစ်သွားလေ့ရှိသည်။ သူ ပေါင်းလာသမျှလူတိုင်းက နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးကြသည်မို့ အကယ်၍ တစ်ယောက်ယောက်နှင့်သာ တွဲဖြစ်ခဲ့ပါက သူ့အား ကောင်းကောင်းဦးဆောင်နိုင်မည့် လူမျိုးနှင့် တွဲခွင့်ရလျှင်ကောင်းမည်ဟု တွေးဖူးသည်။ စံထားရလောက်သည့် အကြိုက်ပုံစံမျိုးဆိုတာ မရှိသော်ငြားလည်း ထိုတစ်ချက်ကတော့ သေချာသည်ပင်။ ဥပမာအနေဖြင့်.....

" လက် "

အင်ဒယ်ဟန်က လက်ဆန့်ထုတ်ပေးလာရင်းဖြင့် ပြော၏။

သူ့လက်ဖဝါးထဲ၌ ချွေးများစိုနေသလားဟု တစ်ချက်စစ်ကြည့်ပြီးနောက် ဒယ်ဟန့်လက်ပေါ်သို့ တင်လိုက်သည့်အခါ သူ့လက်အား ပွတ်သပ်ပေးလေသည်။ ပထမဆုံးအကြိမ် လက်ကိုင်သည့်အချိန်ထက်တော့ အားပျော့သွားသော်လည်း ဒယ်ဟန်က သူ၏ ကြီးမားသောလက်ကြီးများဖြင့် အပေါ်ဘက်မှ ခိုင်မြဲစွာဆုပ်ကိုင်ထားသည့်အားကတော့ မလျော့သွားသဖြင့် နာကျင်မှုသည်ကား နဂိုအတိုင်းပင်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now