1

1.2K 114 1
                                    

များပြားလှတဲ့ အချိန်ဇယားတွေကြားထဲမှာ ဂျီဝန်း ပင်ပန်းလို့နေတယ်။ မန်နေဂျာ အသင့်ဖွင့်ပေးထားတဲ့ တံခါးကနေ တဆင့် ကားပေါ်ကို တက်ပြီး သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်ရင်း ဝင်ထိုင်လိုက်တယ်။

ဒီနေ့ ဆုပေးပွဲက သူ့အတွက် ဒဏ်ရာတွေများတယ်။ သူ ရမယ်လို့ထင်ခဲ့တဲ့ အမြင့်ဆုံးဆုကို သူနဲ့ ပြိုင်ဘက်လို့ အများက သတ်မှတ်ကြတဲ့ ဆောင်းဟန်ဘင်းက ရသွားတယ်။ သူ ဝမ်းမနည်းမိပါဘူး။ ရတဲ့သူအတွက် ဝမ်းသာပါတယ်။ ဆောင်းဟန်ဘင်းက သူ့ထက် ဝါရင့်တဲ့သူ။ ဘယ်နေရာမှာ မဆို တော်တယ်။ ပရိသတ်လည်း အခိုင်အမာရပြီးသား။ သူကတော့ ဒီနှစ်နှစ် သုံးနှစ်မှ တက်လာခဲ့တဲ့ မင်းသား။ ဒီတော့ ဟန်ဘင်းကို သူ မနာလိုဖြစ်စရာမရှိဘူး။

ဒါပေမဲ့ ဆုကြေညာတဲ့သူဟာ လုံးဝ Professional မပီသဘူး။ စင်ပေါ်မှာ သူတို့ နှစ်ယောက်ကို ပြိုင်ဘက်ပုံံစံပြောသွားပြီး နောက်ဆုံးမှ ယှဉ်ပြိုင်ထိုးသတ်ရတဲ့ လက်ဝှေ့သမားတွေလို အနိုင်ရတဲ့သူက ဆောင်းဟန်ဘင်း ဖြစ်ပါတယ် လို့ ပြောတယ်။ လူတွေ အများကြီး ရှေ့မှာမို့ သူ ပြုံးရယ်နေခဲ့ပေမဲ့ ရှက်သွားခဲ့တယ်။

အင်တာဗျူးတဲ့ လူတွေကလည်း သိပ်ဆိုးတယ်။
"ရှုံးနိမ့်ရတဲ့ ခံစားချက်က ဘယ်လိုလဲ" တဲ့။
သူ ရယ်မောပြီး ပြန်မေးလိုက်ချင်တယ်။
"ခင်ဗျားကိုယ် ခင်ဗျား မေးကြည့်လေ" လို့။

ဒါပေမဲ့ သူဟာ ရိုကျိုးနိမ့်ချတဲ့ အမူအရာနဲ့ပဲ မေးခွန်းမေးတဲ့ သတင်းထောက်ကို အကောင်းဆုံး ပြုံးပြခဲ့တယ်။ ဒီပုံစံကို လူတွေကြိုက်တယ် ဆိုတာ သူ သိတယ်။ အသက်ကြီးမှ ရုပ်ရှင်လောကထဲ ဝင်လာတဲ့ သူ့အဖို့ မျိုသိပ်ချိုးနှိမ်ထားရတာတွေ သိပ်များလွန်းလို့ အခုဆို အသားတောင်ကျနေပြီ။ အမြဲတမ်း Manner ကောင်းတဲ့ ဂင်ဂျီဝန်း လို့ ချီးကျူးခံရတာဟာ အလကားတော့ မဟုတ်ခဲ့ဘူး။

"ဂျီဝန်း အခုက PLANS အုပ်စုရဲ့ သူဌေးနဲ့ သွားတွေ့ရမှာ။ သူတို့ကုမ္ပဏီရဲ့ ကြော်ငြာ မော်ဒယ်အဖြစ် ကမ်းလှမ်းတာကို လက်ခံတဲ့ အတွက် ကျေးဇူးတင်ချင်လို့ သူဌေးနဲ့ သူဌေးကတော်က ဂုဏ်ပြုညစာ ဖိတ်ထားတာပါ"

Unpredictable FateWhere stories live. Discover now