2

574 102 6
                                    

ဆော့ခ်မိသားစုနဲ့ တွေ့ဆုံမှုက အဆင်ပြေပြေပဲ ပြီးဆုံးသွားခဲ့သည်။ ဒါပေမဲ့ သူဌေးဘက်က လိုအပ်တာထက်ပိုတဲ့ဖော်ရွေမှုမျိုးမရှိဘဲ သူနဲ့  ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့ စတင်အကဲခတ်တဲ့ပုံစံမျိုးကိုသာ တွေ့ရသည်။ ဒါလည်း ကောင်းပါသည်။ သူက အလုပ်သဘောဆန်တဲ့ ဆက်ဆံရေးမျိုးကို ပိုကြိုက်သည်။

သူတို့နဲ့ ညနေစာစားဖို့ နာမည်စာရင်းပေးထားတယ်ဆိုတဲ့ ဆော့ခ်အိမ်ရဲ့ သားအငယ်ဆိုသူကတော့ ရောက်မလာခဲ့ပါ။ ဂျီဝန်းကလည်း ဘာမှ မမေးဘဲ မသိသလိုပင် နေခဲ့လိုက်သည်။

ဂျီဝန်း သူ့အခန်းပြန်ရောက်တော့ ဆယ့်တစ်နာရီ ရှိတော့မည်။ မန်နေဂျာ လီက သူ့ကို မနက်ဖြန်အတွက် အချိန်ဇယားပေးပြီးပြန်သွားခဲ့သည့်အခါ ကျယ်ဝန်းတဲ့ အခန်းထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့၏။

နယ်က အဖေနဲ့ အမေကို သတိရသည်။ ဖုန်းဆက်ဖို့ စဉ်းစားလိုက်ပေမဲ့ ဒီအချိန်ဆို အမေတို့ ညအိပ်ရာ ဝင်လောက်ရောပေါ့။ ထိန်းချုပ်ထားပေမဲ့လို့ ပင်ပန်းပြီးအထီးကျန်သည့် အတွေးတွေက သူ့တစ်ကိုယ်လုံးမှာ နွယ်ရစ်လာပြန်၏။

စိတ်ပြေလက်ပျောက် သူ ခေါင်မိုးထပ်ကို တက်လာခဲ့၏။ ဒီနေရာကနေဆိုလျှင် တစ်မြို့လုံးကို အပေါ်စီးမှ မြင်ရသည်။ ညရှုခင်းကြည့်ပြီး လေကောင်းလေသန့်ရှူလိုက်ရလျှင် ဒီနေ့ မွန်းကျပ်သမျှတွေ သက်သာလျော့ပါးသွားမည်ထင်သည်။

ရုတ်တရက်ပါပဲ။ ခေါင်မိုးထပ်ရဲ့ ဘေးတံတိုင်းခပ်ကျယ်ကျယ်ပေါ်မှာ ထိုင်ပြီး တံခါးပေါက်ကို ကျောပေးလို့ စီးကရက်သောက် ဖွာရှိုက်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ ခြေလှမ်းတွေ တန့်သွားရ၏။

လေပြည်လေညင်းက ခပ်ဖွာဖွာ ဆံနွယ်တွေကြား တိုးဝှေ့ ပြေးနေသည်။ ဂျီဝန်း ရောက်နေတဲ့ နေရာကနေဆိုရင် ဘေးတိုက် မြင်နေရတဲ့ မျက်နှာမှာ နှာတံဟာ အမှောင်ရိပ်ထဲမှာတောင် ခပ်မြင့်မြင့်။ အဲ့ဒီသူ ဖွာရှိုက်လိုက်တဲ့ စီးကရက်ငွေ့တွေက ဂျီဝန်း နှာဖျားကို ဖြတ်ပြေးသွားသည်။

ဂျီဝန်း ဘယ်တုန်းကမှ စီးကရက်မသောက်ဖူးပါ။ သောက်ချင်စိတ်လည်း မဖြစ်ခဲ့ဖူးပါ။ ဒါပေမဲ့ ခု သောက်တဲ့သူရဲ့ ပုံစံဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပြီး ကြည့်ရတာပေါ့ပေါ့ပါးပါး ရှိလွန်းသည်။ သိတယ် မဟုတ်လား။ လွတ်လွတ်လပ်လပ်နေနေတဲ့သူ တစ်ယောက်ကို မြင်ရတဲ့အခါ မွန်းကျပ်နေသူရဲ့ စိတ်ထဲမှာ ကိုယ်ပါ လိုက်ပြီး လွတ်လပ်သွားသလို ခံစားရတာမျိုးလေ။

Unpredictable FateWhere stories live. Discover now