" မက်ထရူးကသာ ပုံပြင်လေးတစ်ပုဒ်ဖြစ်နေခဲ့မယ်ဆိုရင်
အလွတ်ရတဲ့ထိ ကျွန်တော်ဖတ်နေမိမယ်ထင်တယ် ။
ငြီးငွေ့ခြင်း ၊ မေ့လျော့ခြင်းမရှိပဲ
အမြဲတမ်း အမှတ်ရနေမယ့် ပုံပြင်လေးတစ်ပုဒ် ။".......
တိမ်စိုင်တစ်ချို့ကင်းစင်နေသည့်ညနေခင်း၏ကောင်းကင်ယံသည် လိမ္မော်နီရောင်သွေးနေသည့်ဆေးသားများဖြင့်ခြယ်မှုန်းခံထားရသည့်နှယ် နီစွေးလွန်းနေသည်။
ထိုနီစွေးစွေးကောင်းကင်ရိပ်အောက်၌ လှိုင်းရိုက်သံတစ်ချိူ့ကိုနားစွံ့ရင်း ပင်လယ်ကမ်းစပ်၏သဲသောင်ယံတစ်လျှောက် ခပ်ဖြေးဖြေးလျှောက်လှမ်းနေသည့်ကောင်လေးနှစ်ယောက်လည်းရှိသည်။
သဲသောင်ပြင်ပေါ်တွင်ကျန်ရစ်ခဲ့သည့် မက်ထရူး၏ခြေရာများပေါ်သို့ဟန်ဘင်း၏ခြေလှမ်းများကထပ်တူလှမ်း၍လျှောက်လှမ်းနေသည်။ ဆားဓာတ်ပါသည့်ပင်လယ်လေများက မက်ထရူးနှင့်ဟန်ဘင်း၏ဆံနွယ်များကြားတိုးဝှေ့နေပြီး ခပ်ပါးပါးရှပ်တစ်ထည်သာဝတ်ဆင်ထားသည့် မက်ထရူး၏ခါးနားမှအကျီစသည်လည်း တိုက်ခတ်နေသည့်လေနှင့်အတူ တလွင့်လွင့်ရိုက်ခတ်နေခဲ့သည်။
တလှုပ်လှုပ်ဖြင့်ရှေ့ကသွားနေသည့်အကောင်ပေါက်လေး၏ ကျောပြင်သေးသေးလေးကိုငေးကြည့်ရင်း ဟန်ဘင်းကပြုံးရယ်ရိပ်တစ်ချိူ့အား နှုတ်ခမ်းပါးပေါ်သို့ချိတ်ဆွဲလိုက်သည်။ new orleansခရီးစဉ်တစ်လျှောက် မက်ထရူးကိုငေးကြည့်ရင်း ဟန်ဘင်းရယ်မောနေမိသည်မှာ လက်ချိူးလို့ပင်မရေတွက်နိုင်သည်အထိ များပြားလွန်းနေပြီဖြစ်သည်။
ငေးကြည့်မိသည့်အချိန်တိုင်း လှပလွန်းသည့်ကံကြမ္မာတစ်ခုလို နှလုံးသားထဲမှခံစားမိသည်အထိ ဟန်ဘင်းကမက်ထရူးဆီတွင်နစ်မြှပ်နေခဲ့ပြီဖြစ်သည်။
ဤသို့သောလေးနက်လွန်းသည့်ခံစားချက်များက ဘယ်အချိန်ကတည်းကစတင်ခဲ့သည်မှန်း ဟန်ဘင်းသတိထားမိခြင်းမရှိခဲ့ပေ ၊ အသိစိတ်ကပ်မိသည့်အခါရုန်းမရတော့သည့်နွံထဲ၌ နစ်မြှပ်နှင့်နေခဲ့ပြီဖြစ်သည်။
