" ဟင် ! မက်ထရူး အစောကြီးပါလား ။ "
နံနက်ခင်း7နာရီအချိန်ကတည်းက ဝတ်စားပြင်ဆင်ပြီးကျောင်းသွားဖို့ရန်အတွက်တာဆူနေသည့်မက်ထရူးကို အိပ်မှုန်စုတ်ဖွားနှင့်အိပ်ယာထဲက အခုမှထလာသည့်လီယိုက အထူးအဆန်းသဖွယ်မေးလာသည်။
" အတန်းချိန်က 9နာရီမှစမှာမဟုတ်ဘူးလား ၊
အခုတည်းက ကျောင်းသွားတော့မလို့လား ။ "" အင်း ! အစ်ကိုဟန်ဘင်းနဲ့ချိန်းထားလို့ ။ "
" ဟန်ဘင်း!?
အာ...နောက်ဆုံးနှစ်က ကိုရီးယားလူမျိူးအစ်ကိုကြီးလား။ "ရှူးဖိနပ်ကြိုးအားခပ်တင်းတင်းဆွဲချည်လိုက်သည့်မက်ထရူးက အခန်းတံခါးဝ၌ရပ်နေဆဲ လီယို၏ဘက်သို့လှည့်ကြည့်၍ပြုံးရယ်လိုက်သည်။
" အင်း ! ဟုတ်တယ် အဲ့အစ်ကို။ "
လီယိုကတော့ နံနက်ခင်းနေရောင်ခြည်တစ်ချို့ခစားနေသည့် မက်ထရူး၏မျက်နှာပြင်ပေါ်မှအပြုံးရိပ်ကြောင့် မျက်ဝန်းများပေါ်သို့လက်နှစ်ဖက်အားယှက်၍ ကာပစ်လိုက်သည်။
" မက်ထရူး အဲ့လိုလှလှလေးမပြုံးစမ်းပါနဲ့ကွာ ၊
အန္တရယ်များလိုက်တာ ။ "မျက်ဝန်းများပေါ်သို့ယှက်ကာထားသည့် လက်နှစ်ဖက်ကြားမှတစ်ချက်ခိုးကြည့်၍ ရေချိူးခန်းဆီသို့ပြေးသွားသည့်လီယိုကိုကြည့်ရင်း မက်ထရူးကခပ်တိုးတိုးရယ်သည်။
ရေချိုးခန်းရှိရာဆီသို့ဦးတည်သွားသည့် လီယို၏နောက်ကျောပြင် မြင်ကွင်းထဲမှပျောက်သွားသည့်အခါမှသာ နံရံပေါ်မှနာရီဆီသို့မက်ထရူး လှမ်းကြည့်မိသည်။
7နာရီ5မိနစ်စွန်းစွန်းသို့ရွေ့လျားသွားသည့်နာရီလက်တံများကြောင့် ခြေလှမ်းခပ်သွက်သွက်လှမ်း၍ဘတ်စ်ကားဂိတ်ဆီသို့ မက်ထရူးပြေးလွှားရတော့သည်။
အချိန်အတိအကျရောက်မှသာ သဘောကျတတ်သည့် ဟန်ဘင်းကြောင့်မက်ထရူးက တစ်မိနစ်လေးပင်နောက်ကျမခံချင်ခဲ့ပေ။..................
ကျောင်းဝန်း၏အနောက်ဘက်ခြမ်းရှိ မေပယ်ပင်တန်းဆီသို့မက်ထရူးရောက်သည့်အခါ လမ်းသွယ်လေးထက်၌ခကြွေနေသည့်မေပယ်ရွက်ခြောက်တစ်ချိူ့နှင့် လစ်ဟာနေသည့်သစ်သားခုံတန်းများမှလွဲ၍ ကျောင်းသားတစ်ယောက်တစ်လေမှမရှိသေးသည်အထိ ရှင်းလင်းနေသည်။
