ညမီးရောင်တွေနဲ့victoriaမြို့တော်ရဲ့ညဉ့်နက်ချိန်တွေက စာဖွဲ့မမှီအောင်လှပလွန်းသည်။
ပြင်မညီသည့်မြေနေရာများကြောင့် ခပ်မြင့်မြင့်လျောကုန်းလေးသဖွယ်ဖြစ်နေသည့် ကတ္တရာလမ်းသွယ်လေးထက် မက်ထရူး၏ခြေလှမ်းများက ပုံမှန်ထက်ပို၍သွက်လက်လို့နေသည်။ဟန်ဘင်းအချိန်ပိုင်းလုပ်သည့်ဆိုင်ရှေ့သို့အရောက် မက်ထရူးက မှန်တံခါးအပြင်ဘက်မှဆိုင်ထဲသို့လှမ်း၍အကဲခတ်ကြည့်သည်။ ကာစတန်မာတစ်ချိူ့၏အမှာစာများကို တတောက်တောက်ရိုက်နေသည့် ကောင်တာထဲမှပုံရိပ်ကိုမြင်သည်နှင့် မက်ထရူး၏နှူတ်ခမ်းလေးများက အစီစဉ်တကျကော့ညွှတ်လာသည်။
" ကြည့်ကောင်းလိုက်တာ ။ "
ကောင်တာနား၌ ကာစတန်မာတစ်ယောက်စနှစ်ယောက်စပင်မရှိတော့သည့်အခါ cctvကွယ်လောက်မည့်နေရာဆီသို့တိုးကပ်သွားသူသည် ပုခုံးစပ်နားမှလည်တိုင်တစ်လျှောက် ခပ်နာနာဖိနှိပ်နေပြီး အပျင်းကြောလည်းမသိမသာခိုးဆန့်နေသေးသည်။
မှန်တံခါးအပြင်ဘက်မှအကုန်မြင်နေရသည့်မက်ထရူးကတိုးဖွဖွရယ်သည်။ အလုပ်ကြောင့်ပင်ပန်းနေလောက်မည့် ဟန်ဘင်းကိုနှိပ်ပေးဖို့ကိုလည်း မက်ထရူးကအတွေးထဲတွင် တစ်ခါတည်းအစီချထားလိုက်သည်။
သို့သော် ငေးကြည့်နေရင်းမှမက်ထရူး၏ကော့ညွှတ်နေသည့် နှုတ်ခမ်းပါးလေးများက ဝေခွဲရခက်လာသည့်ပုံရိပ်တစ်ခုကြောင့် တဖြေးဖြေးပြေလျော့လာခဲ့သည်။
ဆိုင်အနောက်ခန်းဘက်မှထွက်လာသည့်အေပရွန်အဖြူရောင်နှင့်လူတစ်ယောက်က မက်ထရူးကိုဆူပုပ်ပုပ်ဖြင့်တစ်ချက်လှမ်းကြည့်သည်။ ထို့နောက်မက်ထရူးငေးကြည့်နေမိသည့်သူ၏ပုခုံးစပ်နားကိုလည်း မကျေမနပ်ဖြင့်ခပ်ပြင်းပြင်းရိုက်ချလိုက်ပြန်သေးသည်။
" လူမှားသွားပြီဖြစ်မယ်။ "
မှန်တံခါးအပြင်ဘက်ကမို့ ရိုက်ချလိုက်သည့်အရှိန်အားမသုံးသပ်နိုင်သည့်တိုင် မက်ထရူးခန့်မှန်းနိုင်ပါသည်။ အရိုက်ခံရ၍ရှုံ့တွသွားသည့်မျက်နှာကို ကြည့်ရုံနှင့်ပင်အားမလျော့နိုင်လောက်ပေ။
