#Unicode"ဟူး...!"
ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းချသံဟာ အခန်းထဲပျံ့နှံ့လို့သွားပြန်၏...။ လက်သည်းကိုလည်းဂနာမငြိမ်စွာ တတိတိကိုက်လို့နေရင်း အရှေ့နဲ့အနောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတာလည်း ဘယ်လောက်ကြာပြီလဲဆိုတာ မသိတော့...။
အခုလက်ရှိ ခေါင်းထဲရှိနေတဲ့တစ်ခုတည်းသောအတွေးက ဒီလက်ထပ်ပွဲဆီကနေဘယ်လိုထွက်ပြေးရမလဲဆိုတဲ့အတွေးသာ...။
ဒါပေမယ့် ကိုယ်သိနေပါသည်။ ဒီလက်ထပ်ပွဲဆီကနေထွက်ပြေးဖို့နည်းလမ်းမရှိသလို ငြင်းလို့လည်းလုံးဝရမှာမဟုတ်ဘူးဆိုတာ...။ အိမ်မှာအာဏာအကြီးမားဆုံးဖြစ်တဲ့ အဘိုးကိုယ်တိုင်က ဒီလက်ထပ်ပွဲအတွက်သိပ်ကိုတက်ကြွနေပြီး ဂျွန်ဂျောင်ကုဘက်ကလည်းလက်ခံထားတဲ့အခြေအနေမှာ ဒီလက်ထပ်ပွဲဟာကိုယ့်ဆန္ဒမပါလည်း ဖြစ်ကိုဖြစ်လာတော့မှာပင်...။ ကိုယ်က အားလုံးနဲ့တစ်ယောက်ဖြစ်နေခဲ့တာကိုး...။
ပြီးတော့ လက်ထပ်ပွဲကိုလက်မခံရင် CEO ရာထူးကိုပါသိမ်းပစ်မယ်ဆိုတဲ့အဘိုးရဲ့စကား...။ CEO ဆိုတဲ့ ရာထူးရာခံပိုင်းတွေကိုမဟုတ်ပဲ အလုပ်အပေါ်ထားတဲ့ကိုယ့်ရဲ့စိတ်ကိုသိနေတာကြောင့် ခြိမ်းခြောက်လာခြင်းပင်...။ အဘိုးက ပြောရင်ပြောသလိုလုပ်တတ်တဲ့လူစားမျိုးဖြစ်ပြီး သူ့စကားကိုနားမထောင်ရင် ဘယ်သူ့မျက်နှာကိုမှမထောက်တတ်တာကြောင့် လျှော့တွက်လို့လည်းမရ...။ တော်ကြာ စိတ်ကြီးတတ်တဲ့အဘိုးက CEO ရာထူးတင်မက ကင်မိသားစုထဲကပါ ဆွဲထုတ်လိုက်မှ တစ်နိုင်ငံလုံးဟိုးလေးတကျော်ကျော်ဖြစ်ပြီး အရှက်ရမှာက ကိုယ်တို့ကိုယ်တိုင်ဖြစ်သွားလိမ့်မည်...။
"အား...! ရူးတော့မှာပဲ...!"
အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေအကုန်လုံးအရ ဒီလက်ထပ်ပွဲကို ကိုယ်ငြင်းလို့လုံးဝရမှာမဟုတ်ပေ...။ ဒါပေမယ့်လည်း ကိုယ်ယူရမယ့်သူက ကိုယ်အမြင်ကပ်ရဆုံးလူ ဂျွန်ဂျောင်ကုဖြစ်နေတဲ့အခါ ဒီလက်ထပ်ပွဲကို လက်မခံချင်...။ ကိုယ်အမြင်ကပ်ရတဲ့သူနဲ့ တစ်သက်လုံးအတူနေသွားဖို့ဆိုတာလုံးဝမဖြစ်နိုင်...။ အဲဒါကြောင့် လူက အခုလိုရူးချင်သလိုလိုဖြစ်နေရတာပင်...။
![](https://img.wattpad.com/cover/339643486-288-k618791.jpg)