Episode-22

9.6K 896 319
                                    

#Unicode

မျက်စိထဲထိုးဖောက်ဝင်ရောက်လာတဲ့အလင်းရောင်နဲ့အတူ မိုးလင်းပြီဆိုတဲ့အသိကြောင့် မှိတ်ထားတဲ့မျက်ခွံတွေအား အားယူကာဖွင့်လိုက်သည်...။ အရင်နေ့တွေနဲ့မတူဘဲ လေးလံနေတဲ့မျက်ခွံတွေက သိပ်မပွင့်ချင်...။ တစ်ကိုယ်လုံးလည်းကိုက်ခဲနေတာကြောင့် ပေတေပြီးသာအိပ်လိုက်ချင်ပေမယ့် ရုံးသွားရဦးမှာမို့ မျက်လုံးတွေကိုမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်သောအခါ...

"ဟင်..."

ကိုယ့်ခန္ဓာကိုယ်ပေါ်လေးလံတဲ့အရာတစ်ခုတင်ထားဟန်ခံစားချက်ကြောင့် ကြည့်လိုက်လေတော့ တစ်ဖက်လှည့်အိပ်နေတဲ့ ကိုယ့်ခါးအား အနောက်ကနေတင်းကျပ်စွာသိုင်းဖက်ထားသည့် သူ့ရဲ့တက်တူးအပြည့်နဲ့လက်တစ်ဖက်...။ ကိုယ့်တစ်ကိုယ်လုံးကိုလည်း သူ့ရင်ခွင်ထဲဆွဲသွင်းလို့ထားပြီး ခပ်ကြီးကြီးစောင်အဖြူအောက်မှာ ကိုယ်တို့နှစ်ယောက်ရဲ့အဝတ်မပါတဲ့ခန္ဓာကိုယ်နှစ်ခုဟာ ထိကပ်လျက်ရှိသည်...။

ခန္ဓာကိုယ်ကိုအသာလေးလှည့်ကာကြည့်လိုက်လေတော့ ကိုယ့်ရဲ့လည်ပင်းနား မျက်နှာအပ်လို့ထားရင်း အိပ်မောကျနေတဲ့သူ...။

သူ့မျက်နှာကိုလည်ပြန်ငေးကြည့်နေရင်းနဲ့မှ ညက အဖြစ်အပျက်တွေဟာ ခေါင်းထဲဝင်လာလေတော့ ပူတက်လာတဲ့မျက်နှာနဲ့အတူ သူမရှိတဲ့ဘက်ဆီချက်ချင်းပြန်လှည့်လိုက်မိတော့၏...။

ညက ဒီအိပ်ရာပေါ်မှာ ပူးကပ်နေခဲ့တဲ့ သူနဲ့ကိုယ့်ရဲ့ပုံရိပ်တွေ၊ ငြင်းလို့ရပါရဲ့နဲ့ မငြင်းဆန်ခဲ့ဘဲ ကိုယ်ကိုယ်တိုင်ကိုက သူ့အထိအတွေ့တွေမှာသာယာမိန်းမောခဲ့မိတဲ့ အခိုက်အတန့်တွေ၊ ထိုပုံရိပ်တွေ အတွေးထဲထပ်မံဝင်ရောက်လာလေလေ၊ ကိုယ့်ရဲ့ရှက်စိတ်တွေဟာလည်း ကြွတက်လာလေလေဖြစ်သည်...။

သူက ဘာလို့ကိုယ့်ကိုဒီလိုတွေလာပြုမူခဲ့တာလဲ၊ ကိုယ်ကရော ဘာလို့သူ့ကိုမလွန်ဆန်နိုင်ဘဲ စိတ်တွေလွတ်ထွက်သွားခဲ့ရတာလဲ...။ ရူးပြီးအသိစိတ်လွတ်နေခဲ့လို့သာ ကိုယ်အခုလိုတွေလုပ်ခဲ့မိတာနေမှာ...။ အခု ဦးနှောက်အသိတွေက ပြန်လည်လွှမ်းမိုးလာတဲ့အခါမှာတော့ ခေါင်းအုံးဆီမျက်နှာအပ်ကာ ကိုယ့်ကိုကိုယ်အပြစ်တင်လျက် ဆံပင်တွေကိုဆွဲဖွလိုက်၊ ကိုယ့်နဖူးကိုယ်ရိုက်လိုက်ဖြင့် သူ့ကိုကျောပေးထားရင်း တစ်ယောက်တည်း ကမ္ဘာပျက်နေမိတော့သည်...။

One Year Marriage (Completed)Where stories live. Discover now