3

576 48 1
                                    

[UNICODE]

ကျယ်လောင်သောဖုန်းမြည်သံကြောင့် ချန်ဝေ လန့်နိုးလာခဲ့ပြီး သူမတစ်ကိုယ်လုံးနာကျင်နေသလိုခံစားလိုက်ရသည်။ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုကိုင်၊ မသိစိတ်က လုပ်နေကျအတိုင်း ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲလိုက်တော့ အချိန်အတော်ကြာတုန်လှုပ်သွား၏။ သူမလက်ထဲတွင် ကိုင်ထားသောဖုန်းမှာ လွန်ခဲ့သော ၁၀နှစ်ခန့်က ခေတ်စားခဲ့သော ခေါက်ဖုန်းပုံစံ ‌ဖုန်းအဟောင်းတစ်လုံး။

ပထမတော့ သူမအိမ်မက်မက်နေသည်ဟု ထင်ခဲ့သော်လည်း နောက်တခဏမှာတော့ ချက်ချင်းဆိုသလိုပင် ဖုန်းချိတ်ဆက်သွားခဲ့ပြီး ချန်ချွမ်း၏ ကျယ်လောင်သောအသံက သူမကို နိုးထစေခဲ့သည်။

"ချန်ချွမ်း? နင် ဘယ်တုန်းကတရုတ်ပြည်ပြန်ရောက်တာလဲ?"

"ချန်ဝေ နင့် ဦးနှောက်က လွတ်သွားတာလား? ဘယ်ကိုပြန်ရောက်ရမှာလဲ...ငါအခု အရှေ့ဘက်၊ ယောက်ျားလေးအဆောင်၂ မှာရောက်နေတာ...တစ်ခုခု ကြီးကြီးမားမားဖြစ်နေပြီ၊ မြန်မြန်လာခဲ့!"

ယောက်ျားလေးအဆောင်၂ ? အရှေ့ဘက် ? ? ချန်ဝေ အချိန်အတော်ကြာ အံ့အားသင့်နေခဲ့သည်။ သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မရင်းနှီးပုံမပေါ်သော်လည်း တစ်နည်းနည်းနှင့်ရင်းနှီးနေသည့်ပုံ။ တစ်ဖက်တွင် နှစ်ထပ်ကုတင်နှစ်လုံးနှင့် အခြားတစ်ဖက်တွင် စားပွဲလေးလုံးပါရှိသည့် အမျိုးသမီးအဆောင်တစ်ခုဖြစ်ကြောင်းထင်ရှား၏။ သူမ တစ်ဖန်ထပ်ကြည့်လိုက်တော့ ကြည့်လေလေ ပိုရင်းနှီးလေလေ၊ ချွေးအေးများ ပိုထွက်လေလေ။

ဒါက... ဒါကသူမရဲ့ တက္ကသိုလ်တုန်းက‌နေခဲ့တဲ့အဆောင်မဟုတ်ဘူးလား! သူမကိုယ်သူမ ခပ်ပြင်းပြင်းကိုက်လိုက်သည်။ နာတယ်! အရမ်းနာတာတယ်! သူမ နံရံပေါ်က ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့.....၂၀၀၉ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်။ အမှန်ပင် သူမအသက် ၁၉နှစ်သို့ပြန်ရောက်လာခဲ့ပြီ။

သူမတကယ်လုပ်နိုင်ခဲ့တာပဲ! ထိုသို့တွေးပြီးနောက် ချန်ဝေ နောင်တရသွားတော့သည် ; မနေ့ကသွားခဲ့တဲ့ဘုရားကျောင်းသာ ဆုတောင်းပြည့်မှန်းသိခဲ့ရင် သူမ အသက်၁၉နှစ်ကိုပြန်ရောက်ဖို့ ဆုမတောင်းခဲ့ပဲ "တပည့်တော်မကို နောက်ထပ်ဆုတောင်း၅၀၀ဖြည့်ဆည်းပေးပါ"လို့ ဆုတောင်းခဲ့မိမှာ၊ အဲ့လိုသာဆို အနည်းဆုံး သူမထီပေါက်ပါစေလို့ဆုတောင်းလို့ရတယ်! အခုလိုတွင်းထဲ‌ပြုတ်ကျပြီးသေရတယ်ဆိုတာ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ...ပေါက်ကွဲမှုကြောင့်ဆိုရင်တောင် ဟီးရိုးတစ်ယောက်ဖြစ်လာဦးမှာ! အဲ့လိုသာသေသွားခဲ့ရင် "ရဲရင့်သောပြည်သူ"ဆိုတဲ့ခေါင်းစီးကြီးနဲ့ TV မှာပါလာမှာ.......

Don't fall in love with your boss (ဘာသာပြန်)Where stories live. Discover now