[UNICODE]
"ချန်ဝေ...ဒီနေ့ည အားလား...အားရင် ငါတို့ကျောင်း၀င်းထဲကို သွားရအောင်"
ချန်ချွမ်းတစ်ယောက် ချန်ဝေကိုရှာတွေ့သောအခါ ချန်ဝေသည် ဥပဒေစာတမ်းတစ်စောင်ကို ကူးယူရန်စိတ်အားထက်သန်နေခဲ့သည်။
"ကျောင်း၀င်းထဲကို နင်ဘာသွားလုပ်မလို့လဲ"
အရပ်ရှည်ပြီး ကြံ့ခိုင်သန်မာသော ချန်ချွမ်းကို ချန်ဝေ ခေါင်းမော့ကြည့်လိုက်ပြီး "ဘေးနားမှာရပ်...နင် ငါ့ရဲ့အလင်းရောင်ကို ပိတ်နေတယ်"
ချန်ချွမ်းက ပြုံး၍ "ဒီည တက္ကသိုလ် ထိပ်တန်းအဆိုတော် ဆယ်ယောက်ပြိုင်ပွဲကျင်းပမှာလေ...ငါ့သူငယ်ချင်းရဲ့ ကောင်မလေးလည်း ပြိုင်ပွဲမှာပါတယ်...အဲ့တာ သူ့ကောင်မလေးကိုအားပေးဖို့အတွက် နောက်ထပ်လူတွေကို ဖိတ်ချင်နေတာ...နင့်မှာ လုပ်စရာမရှိရင် အတူတူသွားရအောင်လေနော်...ပွဲပြီးသွားရင် သူက ဧည့်သည်တွေကို ညစာ၀ယ်ကျွေးမှာတဲ့...ငါတို့ ဘတ်စကတ်ဘောအသင်းထဲက သူငယ်ချင်း 'ကျန်းလိချန်'ကို နင်သိပါတယ်"
တက္ကသိုလ် ထိပ်တန်းအဆိုတော် ဆယ်ယောက်ပြိုင်ပွဲ! ! ! ချန်ဝေ၏စိတ်မှာ တုန်လှုပ်သွားပြီး ရုတ်တရက် ငြိမ်ကျသွားသည်။
"မရဘူး...ငါ မသွားဘူး...နင်လည်း မသွားရဘူး!"
တက္ကသိုလ် ထိပ်တန်းအဆိုတော် ဆယ်ယောက်ပြိုင်ပွဲသည် နှစ်များတစ်လျှောက် ကျောင်းသားသမဂ္ဂ၏ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဌာနမှ ကြီးမှူးကျင်းပသည့် ကြီးမားသောလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။
ယခင်ဘဝ၌ ချန်ချွမ်းသည် ဤပြိုင်ပွဲတွင် ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဝန်ကြီးဌာန၏ စီစဉ်သူ ဝန်ထမ်းတစ်ဦးဖြစ်သည့် မော့ဇီရှင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုနေ့တွင် မော့ဇီရှင်းသည် အလွန်လှပစွာဝတ်စားဆင်ယင်ထားပြီး အိမ်ရှင်အဖြစ် အစီစဉ်တင်ဆက်ရန် စင်မြင့်ပေါ်၌ ရပ်နေသည့်ပုံမှာ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ချန်ချွမ်းသည် မော့ဇီရှင်းကို မြင်မြင်ချင်း ချစ်မိသွားပြီး နေ့စဉ် ရက်ဆက် တွေးပြီးရင်း တွေးနေမိတော့သည်။ နောက်ဆုံးတွင် ချန်ဝေလည်း အချစ်ရောဂါခံစားနေရသော ချန်ချွမ်းကို မကြည့်ရက်တော့သဖြင့် သူ၏ အသနားခံမှုအောက်၌ ကျရှုံးသွားခဲ့ပြီး ရှေ့သို့ဆက်တိုး၍ ကူညီလေတော့သည်။ တစ်ဖက်တွင် ချန်ချွမ်း သည် မိန်းကလေးများကို ပိုးပန်းသော လှည့်ကွက်အမျိုးမျိုးဖြင့် ကြိုးစားခဲ့ပြီး တစ်ဖက်တွင်မူ ချန်ဝေသည် လုရွှင်နှင့် မော့ဇီရှင်းတို့ နှစ်ဦးသီးသန့်အတူရှိနေမည့် အချိန်ကိုနောက်ကွယ်မှ သေချာအကွက်ချစီစဉ်၍ တားဆီးရန် တတိယဘီးအဖြစ်ဝင်ရောက်နှောက်ယှက်ရင်း ချန်ချွမ်းကိုအောင်မြင်စွာကူညီပေးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ချန်ဝေသည် လုရွှင်ကို စတင်အပြစ်ပြုမိကာ သေတွင်းတူးမိခဲ့လေတော့သည်။
YOU ARE READING
Don't fall in love with your boss (ဘာသာပြန်)
Romanceချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...