16

437 47 2
                                    

[UNICODE]

အချိန်သည် လျှင်မြန်စွာကုန်ဆုံး၍ စနေနေ့သို့ ရောက်လာလေသည်။ ချန်ဝေ က ကျောင်း‌အပေါက်၀တွင် စုဝေးရန် လျိုရှီယွင့် နှင့်အတူ လိုက်ပါသွားခဲ့သည်။

ပုံမှန်အားဖြင့် ဝီရိယမရှိသော ချန်ချွမ်းသည် ယနေ့တွင်တော့ စိတ်စွမ်းအင်အားလုံးကိုထုတ်သုံးထားသည့်အလား တက်ကြွနေလေ၏။

ချန်ဝေ နှင့် လျိုရှီယွင့် တို့ စုဝေးရာနေရာသို့ရောက်သောအခါ ကျော့ကျော့မော့မော့ ၀တ်ဆင်ထားပြီး လက်တစ်ဖက်တွင် အငွေ့တထောင်းထောင်းထနေသော နို့လက်ဖက်ရည်နှင့် ကြက်ဥမုန့် (egg tart) ကိုကိုင်ကာ မတ်တပ်ရပ်နေသော ချန်ချွမ်း ကို တွေ့လိုက်ရသည်။ မော့ဇီရှင်း ထွက်လာမည်ကို ခေါင်းစောင်းကာ မျှော်ကြည့်ရင်း သူ့လက်ထဲမှ မုန့်အား ချန်ဝေ ယူလိုက်သည်ကိုပင် သတိမထားမိလိုက်ပါ။

"နောက်ဆုံးတော့လည်း ငါ့ရဲ့ မောင်လေးပါပဲလေ...နင်က အရမ်းသိတတ်တာပဲ...မနက်အစောကြီးထပြီး ကိုယ့်အစ်မအတွက် အရသာရှိတဲ့မုန့်တွေတောင် ၀ယ်ပေးထားသေးတယ်...ကျယ်ကျဲ က ကျေကျေနပ်နပ်နဲ့ပဲ လက်ခံပေးလိုက်ပါမယ်"

"ချန်ဝေ ?! ငါ့ကိုပြန်ပေး! ဒါက နင့်အတွက်၀ယ်ထားတာမဟုတ်ဘူး!"

ချန်ချွမ်း စိတ်ဆိုးသွားပြီး ချန်ဝေ လက်ထဲမှ မုန့်များကို အမြန်ဆွဲယူလိုက်သည်။

မော့ဇီရှင်း အား ကြင်နာမှုပြရန် ဤအရာများကို ချန်ချွမ်း မှ ပြင်ဆင်ထားကြောင်းကို ချန်ဝေ သဘောပေါက်ပါသော်လည်း သူမ ခွင့်မပြုနိုင်။ ထို့ကြောင့် သူမ၏ ပုံပန်းသွင်ပြင်ကို လျစ်လျူရှုကာ ပါးစပ်ထဲသို့ ကြက်ဥမုန့်တစ်ခုလုံးကိုထည့်လိုက်ပြီး နို့လက်ဖက်ရည်ကို အတင်းစုပ်သောက်လိုက်‌လေသည်။

လုရွှင် ရောက်လာတော့ သူမြင်လိုက်ရသည်မှာ ချန်ဝေ ၏ ပလုတ်ပလောင်းအခြေ‌အနေ.....

သူသည် ချန်ဝေ ၏ အသွင်အပြင်ကြောင့် အံ့အားသင့်သွားပြီး ခဏတာစိုက်ကြည့်ပြီးနောက် အာရုံများပြန်လည်ရရှိသွားသည်။

ထိုအခိုက်အတန့်တွင် ချန်ဝေသည် မုန့်နင်နေပါသော်လည်း ကြိတ်မှိတ်ခံကာ ကြက်ဥမုန့်တစ်ခုလုံးအား မျိုချလိုက်‌လေသည်။ ချန်ချွမ်းသည်လည်း မော့ဇီရှင်းရောက်လာသည့်အတွက်ကြောင့် ချန်ဝေနှင့် ရန်ဖြစ်ရန်စိတ်မ၀င်စားတော့ပေ။

Don't fall in love with your boss (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ