[ Zawgyi ]
၃ ရက်လောက်အထိ နွမ်း ဘယ်ကိုမှမသွားဖြစ်သလို အိမ်ထဲမှာသာနေမိသည်။လုပ်ငန်းစုကြီးကို ဦးစီးနေရတာမို့ အလုပ်မအားတဲ့ ဒါလင်က အမြဲတမ်းတော့အနားမနေနိုင်ပေမဲ့လည်း တက်နိုင်သလောက်တော့ အနားမှာနေပေးသည်။ညအိပ်ချိန်တွေဆို နွမ်းဘေးနားမှာ အမြဲတမ်းရှိနေပြီး အစားအသောက်က အစ အားလုံး သေချာစီမံပေးထားတာမို့ ဘာကိုမှစိတ်ပူစရာမရှိ။
ရုတ်တရက် ဘဲလ်တီးသံကြောင့် သွားကြည့်လိုက်တော့ ရေချယ်ကိုမြင်လိုက်ရသည်။
"ရေချယ်"
တံခါးကိုဖွင့်ပေးလိုက်တော့ သူမက ခပ်ရေးရေးလေးပြုံးရင်း လက်ထဲကအထုတ်လေးတွေကို မြှောက်ပြသည်။
"ဆရာကြိုက်မဲ့ဟာလေးတွေဝယ်လာတယ်"
"ကျေးဇူးပါပဲ ........ လာ အထဲဝင် "
ရေချယ်က ခပ်သွက်သွက်ပဲ အိမ်ထဲဝင်ပြီး အထုတ်တွေကို နွမ်းကိုကမ်းပေးသည်။
ထို့နောက် သူမက ဧည့်ခန်ထဲဝင်ထိုင်စေပြီး အထုတ်တွေကိုတော့ ထမင်းစားခန်းထဲသွားထားလိုက်ပြီး ကော်ဖီတစ်ခွက်ကို ယူလိုက်သည်။
"ကော်ဖီသောက်ပါဦး"
သူကမ်းပေးလာတဲ့ ကော်ဖီခွက်ကို ရေချယ်က ယူပြီး တပြုံးပြုံးလုပ်သည်။
"နေမကောင်းတဲ့လူဆီလာပြီး မုန့်တောင်းစားနေသလိုဖြစ်နေပြီ"
"ကောင်းနေပါပြီ ၊ သက်သာပေမဲ့ တမင်မလာသေးတာ"
"ထင်ပါတယ်နော် ၊ ဦးခံ့ညားမင်းထင်က မလာခိုင်းတာမလား"
နွမ်းက ခပ်ရေးရေးပြုံးတော့ သူမက ရယ်သည်။အဖြူရောင် ဆွယ်တာပွပွလေးနှင့် ရေချယ်က ဂုတ်ဝဲဆံပင်လေးနဲ့မို့ ကလေးဆန်ဆန်လည်း ချစ်စရာကောင်းနေသည်။
မျက်လုံးဝိုင်းဝိုင်းလေးတွေ ပါးမို့မို့လေးတွေနဲ့ရေချယ်က အရုပ်ကလေးတစ်ရုပ်လိုပဲမို့ နွမ်းလည်း ညီမလေးတစ်ယောက်လို ချစ်ခင်ရသည်။
"ဟိုကလေးတွေရော အဆင်ပြေလား"
"အွန်း ပြေပါတယ် ၊ သူတို့က ဆရာ့ဆီလာပြီးသတင်းမေးမယ်လုပ်နေတာ ၊ တော်ကြာ ဦးခံ့ညားမင်းထင်နဲ့တည့်တည့်တိုးပြီး စိတ်ရှုပ်သွားမှာစိုးလို့ မသိမသာလေးတားလိုက်တယ် "