[ Zawgyi ]
" ဒါက ဘာသဘောလဲ ကြည်ဖြူ "အခန်းထဲဝယ် နှစ်ယောက်တည်းရှိနေပြီး ရေချယ်ကတော့ လက်ပိုက်လျက်ဖြစ်ကာ ကြည်ဖြူကတော့ အနည်းငယ် မို့အစ်နေသော မျက်လုံးများကို အောက်စိုက်ထားရင်း ငြိမ်သက်လျက်ရှိသည်။
"ကြည်ဖြူ ဒီမှာဆက်မလုပ်တော့ဘူး မရေချယ်"
"ဘာဖြစ်လို့လဲ အဲ့ဒီကိစ္စကြောင့်လား?"
"မျက်နှာပူလို့ပါ မချယ် ၊ ကြည်ဖြူမလုပ်သင့်မပြောသင့်တာတွေကြောင့် တကယ်ရှက်မိပါတယ်မချယ် ၊ ဒီမှာဆက်မနေဖြစ်တော့ပါဘူး"
"ဆရာကလဲ မင်းအကြောင်းကိုမသိချင်ယောင်ဆောင်ပေးထားပါတယ် ၊ ဒီကိစ္စနဲ့ပက်သက်ပြီး အလုပ်မထွက်လို့လဲရပါတယ်"
"မနေချင်တော့ပါဘူးမချယ် ၊ ကြည်ဖြူတကယ်ကို ရှက်ပြီးမျက်နှာပူလို့ပါ ၊ ဆရာ့ကိုလဲမျက်နှာမပြရဲတော့ပါဘူး ၊ နောက်ပြီး ဒီကလူတွေကိုလဲ မျက်နှာချင်းမဆိုင်ရဲတော့ဘူး"
"အင်းလေ မင်းသဘောပါပဲ "
ရေချယ်လည်း အတင်းကာရောလိုက်ပြီး တားမနေချင်ပါ။ ထိုနေ့က ကြည်ဖြူ့နှုတ်ကနေထွက်လာသော စကားလုံးများမှာ အံ့သြစရာကောင်းပြီး အောက်တန်းလည်းကျသည်မို့ သူမပင် ရှော့ဖြစ်သွားရသေးသည်။
တလျောက်လုံး ဖြူစင်ကာ ချစ်စရာကောင်းသည်ဟု ယူဆထားသာ ကလေးမလေးက ယခုလိုကိစ္စကိုဖန်တီးလာတော့ ရေချယ်လည်း သိပ်တော့သဘောမတွေ့။
ထို့ကြောင့် မထွက်ဖို့ကို တားမနေချင်တော့။ ကြည်ဖြူက ယုံရသည့်အထဲမပါတော့တာကြောင့် အလုပ်ထွက်မည့်အကြောင်းကို လက်ခံလိုက်တော့သည်။
"ဆရာ့ကိုတော့ မချယ်ကပဲ ပြောပေးပါ ၊ ကြည်ဖြူတကယ်ကိုတောင်းပန်ပါတယ်လို့ အားလဲနာပါတယ် ၊ နောက်ပြီး ကျေးဇူးလဲတင်ပါတယ်ဆိုတဲ့အကြောင်းကို ပြောပေးပါမချယ် "
"ကိုယ်တိုင်ပြောကြည့်ဖို့ မကြိုးစားတော့ဘူးလား?"
"ဟင့်အင်း ဆရာ့မျက်နှာကို မကြည့်ရဲလောက်အောင် အားနာလို့ပါ ။ ယုတ်ညံ့တဲ့စကားတွေအတွက်လဲ မချယ်ကိုတောင်းပန်ပါတယ် ။အခုလိုသတိပေးလာတဲ့အတွက်လဲ မချယ်ကို ကျေးဇူးအများကြီးတင်ပါတယ်"