[ Zawgyi ]
"မြတ်သာတော့ အိမ်ရောက်မှကလေးလုပ်နေတယ်မောင်ခံ့ညားရေ ။ သူ့အမေနားကမခွာဖြစ်နေတယ်"လှေကားပေါ်မှဆင်းလာစဉ် ဧည့်ခန်းထဲမှ ဖေဖေ့အသံအကြောင့် နွမ်းမှာ ခြေလှမ်းများကိုရပ်တန့်လိုက်ရင်း လှေကားလက်ရန်းကိုကိုင်ကာ ငြိမ်သက်နေမိသည်။
သူ့ကိုတင်ဖုန်းဆက်ရတာအားမရဘဲ ဒါလင်က ဖေဖေ့ကိုလည်း ဆက်သွယ်လာသေးသည်။
မေမေရော ဖေဖေရောက ဒါလင့်ဘက်ကချည်းပဲမို့ နွမ်းကတော့ မျက်ခုံးသာပင့်ရင်း နားစွင့်နေလိုက်သည်။
"ကျန်းမာရေး ဂရုစိုက်ဦမောင်ခံ့ညားရေ ဦးဓနကိုလဲ သတိရပါတယ်လို့ပြောလိုက်ပါဦး"
ဖုန်းချပြီးသွားမှသာ သူလည်း လှေကားပေါ်မှဆင်းကာ ဧည့်ခန်းထဲသို့ဝင်လာလိုက်သည်။ဆိုဖာပေါ်တွင်ထိုင်နေသော ဖေဖေက နွမ်းကိုမြင်သည်နှင့် လှမ်းကြည့်လာလေသည်။
"ဘယ်ကိုလဲ မြတ်သာ"
"ဘယ်မှမသွားပါဘူးဖေဖေ ။ ပျင်းလို့အောက်ထပ်ဆင်းလာတာ"
"သြော် အေးအေး ။ စောနက မောင်ခံ့ညားဖုန်းဆက်တယ် ။ မင်းကိုကျန်းမာရေးကောင်းလား အဆင်ပြေလားမေးနေသေးတယ် ။ နေပါဦး မင်းကဖုန်းမဆက်ဘူးလား?"
သတင်းစာကိုင်ထားသော ဖေဖေက မေးမြန်းလာသည်မို့ သူလည်း မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်ကာ ခေါင်းခါမိသည်။
"ဆက်ပါတယ်ဖေဖေရယ်"
"အင်း ဖေဖေကတော့ သိပ်ထွေထွေထူးထူးမပြောချင်ဘူးမြတ်သာ။ဒါပေမဲ့ မင်းတို့နှစ်ယောက်ကိုတော့ အဆင်ပြေစေချင်တယ်"
"ကျွန်တော်တို့အဆင်ပြေပါတယ်ဖေဖေ"
"ပြေတယ်ဆိုရင်ပြီးတာပဲလေ။မင်းမေမေရော ဘယ်သွားလဲ?"
"ဟိုဘက်ခြံကခေါ်လို့ခဏသွားတယ်။ ကိစ္စလေးရှိလို့ဆိုပဲ"
"အေးအေး"
ဒါလင့်အကြောင်းကိုရပ်ပစ်လိုက်ရင်း သူလည်း စကားလမ်းကြောင်းလွှဲပစ်လိုက်လေသည်။ သူဖန်တီးထားသော ဓာတ်ပုံအယ်လ်ဘမ်ကိုယူကာ ပြလိုက်တော့ အောင်မြင်ကျော်ကြားသော Photographer တစ်ယောက်ဖြစ်သည့် ဖေဖေက စိတ်ဝင်တစားကြည့်ကာ အကဲဖြတ်ပေးလာ၏။