[ Zawgyi ]
"ဆရာရေ သတိရတယ်လို့"လိုင်းပေါ်ကနေ VC ခေါ်လာသော ရေချယ်တို့ကြောင့် နွမ်းမှာ laptop ကို ပေါင်ပေါ်တင်ထားရင်း ခပ်ဟဟရယ်လိုက်မိသည်။
၅ယောက်စလုံးက screen ပေါ် အပြည့်အဝပေါ်အောင် အလုအယက်တိုးနေပုံက ကလေးဆန်လှတာမို့ နွမ်းက မပြုံးဘဲမရယ်ဘဲ မနေနိုင်။
"ဒီကလေးတွေ အလုပ်သေချာလုပ်ကြလေ"
"လုပ်ပါတယ်ဆရာရယ် အခုမှအားလို့ ဆရာ့ကိုလွမ်းတာနဲ့ ခေါ်လိုက်တာ"
"အတော်ကြီးဝေးကွာနေတာဆိုတော့လေ"
"ပြောရက်လိုက်တာဆရာ ကျွန်တော်တို့က တကယ်ကြီးသတိရနေတာနော်"
လင်းသုတ မျက်နှာမဲ့၍ ဆိုလာတော့ နွမ်းလည်း ခေါင်းညိတ်ပြလိုက်ပေမဲ့ မျက်နှာကတော့ ခပ်ပြုံးပြုံး။
"ယုံပါတယ် နောက်ရက်အားရင် studio ကိုလာခဲ့ဦးမယ်"
"တကယ်လား ကျွန်တော်တို့မျှော်နေမှာနော်"
"သူများကြားရင် တစ်မြို့တစ်နယ်ခြားနေတယ်ထင်ပါဦးမယ်"
နွမ်းစကားကို ရေချယ်တို့က တခစ်ခစ်ရယ်ရင်း စတူဒီယိုလာရင် မုန့်အများကြီးဝယ်ခဲ့ဖို့ကိုပါ ဆိုလာကြသည်။
နွမ်းကတော့ ရေချယ်ကိုကြည့်ရင်း ရုတ်တရက် ဝဏ္ဏမြင့်မြတ်ဆိုသော သကောင့်သားမျက်နှာကြီးပေါ်လာတာမို့ ခေါင်းကိုသာခါမိလိုက်သည်။
ဒီကိစ္စနှင့်ပက်သက်ပြီး သူတို့မရှင်းရသေး။ ရေချယ်ကိုလည်း အေးအေးဆေးဆေးတွေ့မှပဲ အနည်းငယ်တီးခေါက်ကြည့်ဖို စိတ်ကူးထားလိုက်သည်။
"တစ်ယောက်တည်းခေါင်းခါနေတာ ဘာလို့လဲဆရာ ၊ မုန့်ဝယ်မကျွေးချင်ဘူးဆိုတဲ့သဘောများလား?"
"ပေါက်ကရေလဲ့ရည်ရယ် ၊ တခြားကို အာရုံရောက်သွားလို့ပါ"
"ဟော ကြည့် ၊ ဆရာကတို့တွေဆီအာရုံမရှိဘဲ တခြားအာရုံရောက်နေတယ် ၊ တို့ကိုမချစ်တော့ဘူးထင်တယ်"
"သူများကြားရင် တစ်မျိုးထင်တော့မှာပဲ ၊ အဲ့ဒီမှာ ဆရာ့ချစ်သူရှိနေရင် နင်တော့သေပြီလဲ့ရည်"