[ Zawgyi ]
ဒါလင် !သိတတ်စအရွယ်ကတည်းမှစတင်ကာ နွမ်းမှာ ဒါလင်ဟုသော စကားလုံးအား နှုတ်ဖျား၌ ဆွဲနေခဲ့သည်။
ထိုစကားလုံအား ဘယ်ကနေဘယ်လိုကြားကာ ထွက်လာသလဲ ဘယ်သူမှမသိသော်ငြား ပထမဆုံး ဒါလင်ဟု အခေါ်ခံရသူမှာလည်း တခြားလူမဟုတ်ဘဲ ခံ့ညားမင်းထင်တစ်ယောက်တည်းသာ။
ကလေးဘဝကတည်းက ခေါ်ဝေါ်သုံးစွဲခဲ့သော နာမ်စားဖြစ်သည့်အလျောက် ဒါလင်ဟုသော အသုံးအနှုန်းမှာ နှုတ်ဆွဲနေသလို ဘယ်လောက်ပဲ ပြဿနာတက်ကာ ရန်ဖြစ်နေပါစေ ထိုစကားလုံးနေရာတွင် တခြားနာမ်စားလုံးဝမသုံးခဲ့။
တခြားလူများအတွက်တော့ ထိုနာမ်စားက အချစ်စကားကို ဆိုလိုနေခြင်းဖြစ်သော်လည်း နွမ်အတွက်ကတော့ အခေါ်အဝေါ်တစ်ခုထက်မပို။
ိုသို့သော် ဒါလင်ကတော့ ထိုသို့အခေါ်ခံရခြင်းအား ငယ်စဉ်ကတည်းက သဘောကျနှစ်ခြိုက်ခဲ့သည်။
ညနေ၆နာရီသို့ရောက်သောအခါ နွမ်းမှာ အကျအနပြင်ဆင်ပြီး မှန်ရှေ့တွင် ရပ်ကြည့်လိုက်သည်။ အရင်ကထက်ပြည့်လာသော မျက်နှာကလေးက ကြည့်ရမဆိုးဘဲ အရွယ်ရောက်လာသော လူပျိုလေးတစ်ယောက်လိုမျိုး။
ငယ်ဂုဏ်မပျောက်သေးသော နွမ်းကတော့ ဘယ်အချိန်ကြည့်ကြည့် ၂၀ ကျော်ဟုသာ ထင်ရလောက်အောင် နုပျိုသူတစ်ယောက်လည်းဖြစ်သည်။
"ကျောင်းသားဟောင်းတွေ့ဆုံပွဲက အဲ့သလောက်ပြင်စရာလိုလို့လား ?"
အနောက်ဘက်ကထွက်လာသောအသံကြောင့် လှည့်ကြည့်လိုက်တော့ ဒါလင်က အခန်းပေါက်ဝ၌ လက်ပိုက်ကာ ရပ်ကြည့်နေသည်။
ခါတိုင်းသည်အချိန်ဆို မပြန်တတ်တာကြောင့် အေးအေးဆေးဆေးပြင်ဆင်နေသော်လည်း ယခုတော့ ဘာစိတ်ကူးပေါက်ပြီး ပြန်ချလာတာလည်းမသိ။
"ဘာလို့အစောကြီးပြန်?"
"အိမ်ကထွက်ပြေးချင်နေတဲ့ ကောင်လေးကိုလာကြည့်တာ "
"အပြင်ခဏထွက်တာပါ ၊ အပိုတွေသိပ်ပြော"
"ကိုယ်လိုက်ပို့ပေးမယ်"
ကုတ်အင်္ကျီကို တံတောင်ကြားညှပ်လျက် ခပ်တည်တည်အနားရောက်လာသော ဒါလင်ကြောင့် နွမ်းမှာ မျက်လုံးပြူးသွားကာ ဆက်ခနဲ့လှည့်ကြည့်မိလိုက်သည်။