[ Zawgyi ]
"ဘယ်လိုဖြစ်တာလဲ မြတ်သာရယ် ။ နေရတာအဆင်ပြေရဲ့လား?"စောင်ပုံထဲတွင်နစ်နေသော နွမ်းမှာ မျက်နှာလေးသာဖော်ထားရင်း ငြိမ်သက်နေတော့သည်။
အအေးဓာတ်က သူ့ကိုနှိပ်စက်နေသလို တရိပ်ရိပ်မူးလာလိုက် ၊ နားထင်များတဆစ်ဆစ်ကိုက်လာလိုက်နှင့် ဦးခေါင်းတစ်ခုလုံးလည်း ထုံကျင်နေသည်။
နားထင်ကြောများ တဒုတ်ဒုတ်လှုပ်နေတာကိုတောင် ခံစာမိနေသလို အမြင်အာရုံပင်ဝေဝါးလာသည်အထိဖြစ်လာရတော့ သူနေရတာဘယ်လိုမှမသက်သာ။
မေမေက စိုးရိမ်တကြီးမေးမြန်းနေသော်လည်း နွမ်းမှာ ခေါင်းခါပြရုံသာတက်နိုင်တော့သည်။
"ညကအပြင်မှာထိုင်တာများပြီး လေစိမ်းတွေမိသွားတာထင်ပါတယ်"
မေမေက တစ်ကိုယ်တည်းရေရွတ်ရင်း ရေပတ်ဝတ်လေးကို နဖူးပေါ်တင်လာသည်။ဖေဖေကတော့ ဆရာဝန်ခေါ်မည်ဟုဆိုကာ အပြင်ထွက်သွားပေမဲ့လည်း သူမတားမိ။
တကယ်ကိုနေရထိုင်ရအဆင်မပြေမလှတာကြောင့် ခေါင်းမာဖို့လည်းမတတ်နိုင်တော့ပေ။
"မြတ်သာ ခဏနားလိုက်နော် ။ ဆရာဝန်ခေါ်ထားတယ် ခဏမှေးနေလိုက်"
မေမေက စောင်ကိုသေချာခြုံပေးရင်း သူ့ဘေးနားမှာသာ အဖော်ပြုပေးသည်။ တကယ်တမ်းတွေးကြည့်ရလျှင် သူလည်း အဲ့သည်လောက်ချူချာသူတစ်ယောက်မဟုတ်။ Villa မှာတုန်းကတောင် တစ်ယောက်တည်းနေလာသည်မို့ ယခုလိုဖြစ်သွားတာက ကိုယ်ခံအားများကျသွားသလား အားနည်းနေသလားတွေးမိတော့သည်။
သို့သော် ညကမေမေနှင့်စကားပြောပြီး အိပ်ရာဝင်ခါကတည်းက နေရထိုင်ရာသိပ်အဆင်မပြေတာ့ပေ။
အိပ်ခန်းထဲပြန်ဝင်လာကတည်းက ခေါင်းမှာတဆစ်ဆစ်ကိုက်ခဲနေတာကြောင့် အိပ်ပစ်လိုက်သော်လည်း မနက်ပိုင်းရောက်သည့်အခါမှာတော့ ဖျားတော့သည်။
"ခဏလေးနော်မြတ်သာ ဆရာဝန်ရောက်လာတော့မယ်"
"ဟုတ်ကဲ့မေမေ"
သိပ်မကြာခင်အချိန်အတွင်မှာပဲ ဖေဖေနှင့်အတူအသက်ကြီးကြီးအမျိုးသားဆရာဝန်တစ်ယောက်ပါလာကာ နွမ်းကိုစမ်းသပ်တော့သည်။