ယနေ့ညတွင်လည်းတိမ်စိုင်ညိုတို့က ကောင်းကင်ထက်တွင်ညို့မှိုင်းနေပြန်သည်။ တိုက်ခတ်နေသည့်လေထုက ပတ်ဝန်းကျင်ကိုအေးစက်စွာလွှမ်းခြုံနေပြီး ကောင်းကင်ထက်သို့မက်သရူး၏ရီဝေဝေမျက်ဝန်းလေးများက ဆွေးမြေ့စွာငေးမောကြည့်ရင်း သက်ပြင်းတိုးဖွဖွချသည်။
ဘက်ထရီကုန်သွားသည့်ဖုန်းလေးက အိတ်ကပ်ထဲ၌notiသံများတိတ်ဆိတ်နေပြန်တော့လည်း မက်သရူး၏ရင်ထဲ၌တစ်ခုခုလိုအပ်နေသယောင်။ ဘက်ထရီသာကျန်သေးလျှင် မက်သရူး၏ဟန်းဖုန်းလေးဆီမှ ဟန်ဘင်းဘက်က စိုးရိမ်စိတ်များဖြင့်ပို့လာမည့် msg notiသံလေးတွေ ညံနေလောက်မည်ထင်သည်။
" မအိပ်ပဲနဲ့စောင့်နေလောက်မယ်ထင်တယ်..။ "
ဒီနေ့မှ ဆိုက်ရောက်လာမည့်ဘတ်စ်ကားကလည်း မက်သရူးစိတ်ထဲ၌လိုအပ်သည်ထက်ပို၍ကြန့်ကြာနေပြန်သည်။ အချိန်တိကျစွာဆိုက်ရောက်လာတတ်သော်လည်း အိမ်ပြန်ဖို့ရန်လောနေသူတစ်ဦး၏စိတ်ထဲ၌ ဘတ်စ်ကားမီးရောင်လေးပေါ်လာမည့် မြင်ကွင်းပုံရိပ်ကိုသာ တသသမျှော်နေမိတော့သည်။
နောက်ဆုံးဆိုက်ရောက်လာမည့်ဘတ်စ်ကားကိုသာစောင့်ရင်း အဝါရောင်ထီးရိုးရှည်လေးကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့မက်သရူးက တိုက်ခတ်နေသည့်ညလေအေးထဲ၌ မိုးရနံ့တစ်ချိူ့ကပါ ကပ်ပါလာခြင်းကြောင့် အိမ်ပြန်ချင်စိတ်မှာပို၍အလောတကြီးဖြစ်နေတော့သည်။
" ဒီနေ့ကြမှ ဘာလို့ကြာရတာလဲကွာ ။ "
ဖြတ်သွားဖြတ်လာလူများပင်နည်းပါးနေပြီဖြစ်သည့် ဘတ်စ်ကားမှတ်တိုင်၌ တစ်ယောက်တည်းရပ်နေပြီး ခပ်တိုးတိုးစကားများညည်းတွား၍မက်သရူးက အလိုမကျဖြစ်နေခဲ့သည်။
ငေးကြည့်နေရက်နှင့်ပင်ကောင်းကင်ပေါ်မှပြိုကျလာသည့်တိမ်စိုင်များသည် မိုးရေစက်များအဖြစ်မြေပြင်ပေါ်သို့အရှိန်ဟုန်ပြင်းစွာသက်ဆင်းလာခဲ့ပြီး မီးရောင်တစ်ချို့ဟပ်နေသည့်မျက်ဝန်းညိုလေးထဲ၌ မိုးဖွဲများက လှပစွာပုံရိပ်ထင်ဟပ်လာတော့သည်။
ဘတ်စ်ကားမှတ်တိုင်၏တံစက်မြိတ်ပေါ်မှ အရှိန်ဖြင့်ကျလာသည့်မိုးရေစက်များက မက်သရူး၏ဖိနပ်ထိပ်ပေါ်သို့လွင့်စင်နေပြီး မိုးဖွဲများနှင့်အတူလေအေးတစ်ချို့ကပါပို၍ပြင်းပြင်းထန်ထန်ရစ်ဝဲလာသည်။
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanfictionMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.