တိမ်စိုင်တိမ်ရိပ်များ ခပ်ရေးရေးပြေးနေသည့်မိုးကုတ်စက်ဝိုင်းထက်တွင် ကြယ်ရောင်ကင်း၍ညို့မှိုင်းနေပြီး မိုးရနံ့တို့ထုံသင်းနေသည့်လေအေးတစ်ချို့သည် ပတ်ဝန်းကျင်သို့လွှမ်းခြုံထားသည်။
အေးစက်စက်ညလေအေးများတိုက်ခတ်နေသည့် ညဉ့်နက်ချိန်ဖြစ်သော်လည်း မက်သရူး၏ဆံနွယ်စလေးများက ချွေးစေးများကြောင့် စိုစွတ်နေပြီး အသက်ရှူရပ်မတတ် ပြေးလွှားနေရခြင်းကြောင့် မောဟိုက်နေလွန်းနေပြီဖြစ်သည်။
" အစ်ကိုကလဲကွာ !! "
ဝမ်းနည်းစိတ်ကြောင့်အသံလှိုင်းများပင်တုန်ရီနေပြီဖြစ်သည်။
မက်သရူး၏ အနီးတဝိုက်သို့ ညလေအေးတစ်ချို့က တိုးဝှေ့၍တိုက်ခတ်လာခဲ့ပြီး ဝါကျင်ကျင်မီးတိုင်လေးများ၏ အလင်းရောင်တစ်ချို့ ထင်ဟပ်နေသည့် လှေကားရင်းလေးထက်၌ မျက်ရည်စတစ်ချို့နှင့်အတူ မက်သရူးခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။မက်သရူးအိပ်ယာမနိုးခင် မနက်အာရုဏ်တက်ချိန်ကတည်းက အိမ်မှထွက်သွားသည့်ဟန်ဘင်းသည် ညဉ့်နက်ချိန်ထိအိမ်ပြန်ရောက်မလာခဲ့ပေ။ အတွေးတစ်ချို့နှင့်အတူ မက်သရူး၏ရင်ထဲ၌ စိုးရိမ်စိတ်တစ်ချို့ကဝင်ရောက်လာခဲ့ပြီး နေရာအနှံ့ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ဟန်ဘင်းသွားလာတတ်သည့်နေရာများနှင့်လုပ်ဖော်ကိုင်ဖက်များ၏အိမ်ထိ မက်သရူးအပြေးအလွှားရှာဖွေခဲ့သော်လည်း ဟန်ဘင်း၏အရိပ်ယောင်လေးကိုပင်ရှာမတွေ့သည့်အခါ ရင်ထဲ၌ ရဲရဲတောက်နေသည့် မီးခဲတစ်ခုကို ပွေ့ပိုက်ထားရသလိုပင် ပူလောင်လွန်းနေပြီဖြစ်သည်။
" မက်ချူးလား !? "
ခပ်ကျုံ့ကျုံ့စုထားသည့် ဒူးနှစ်ဖက်ပေါ်သို့မျက်နှာအပ်၍ ရှိုက်ငိုနေသည့်ကောင်လေးသည် အမည်နာမအား ခပ်တိုးတိုးရေရွတ်လိုက်သူ၏အသံကြောင့် ရှိုက်ငိုသံတစ်ချို့တိုးတိတ်သွားခဲ့ပြီး ကွယ်ဝှက်ထားသည့်မျက်လွှာလေးများကို ဝင့်ကာမော့ကြည့်လာသည်။
" ဟုတ်နေတာပဲ မက်ချူး ! "
မျက်ဝန်းထဲ၌တင်ကျန်နေဆဲဖြစ်သည့် မျက်ရည်စများကြောင့် မက်သရူး၏အမြင်အာရုံမှာဝေဝါးလွန်းနေဆဲဖြစ်ပြီး မီးအလင်းရောင်ဟပ်နေသည့်ထိုလူ၏မျက်နှာကြောင့် မက်သရူးစူးစိုက်စွာငေးကြည့်နေရသည်။
![](https://img.wattpad.com/cover/337866517-288-k259623.jpg)
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanficMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.