👑 အနာဂတ် ချစ်သူ 👑
=================
Part-6
=====မီးရောင်စုံတွေ တဖျက်ဖျက်၊ တီလုံးသံတွေ တငြိမ့်ငြိမ့်ကြားတွင် ရောင်စုံမိန်းကလေးတို့နဲ့ယောက်ျားလေးများ သွားလာ လှုပ်ရှားနေကြသည်။
ရယ်သံလွင်လွင်နှင့် ခွက်သံ၊ပုလင်းသံ ၊စားသောက်သံတွေက ရှုပ်ယှက်ခက်နေသည်။
ခြေစုံရပ်နေမိသည့် ခြေလှမ်းကို ချစ်လေး မလှမ်းမိသေး၊ရှိန်က ရှေ့ကိုရောက်သွားပြီးမှ နောက်ကောက်ကျန်ခဲ့တဲ့ ချစ်လေးကို ပြန်ငဲ့ကြည့်သည်။
"လာလေ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား"
"ဟင့်အင်း မဖြစ်ပါဘူး မွေးနေပွဲက အဲလိုမျိုးလူများတာလား.."
ရှိန်က စားပွဲဝိုင်းတွေကို တချက်ဝေ့ကြည့်ပြီး ၊
"ဒါ လူသိပ်မများတာ.."
"ဟင် "
ခြံရှေ့တစ်ခုလုံး ပြည့်နေတဲ့လူတွေက မများသေးဘူးတဲ့လား.၊
ထိုစဉ် သူရိန် အပြေးအလွှား ရောက်လာသည်။
"ဧည့်သည်လို ခုမှရောက်လာရလား..ဟင် ဥစ္စာစောင့်.."
သူရိန်က ရှိန်ကိုပြေးဖက်ပြီးမှ ချစ်လေးကို မြင်သွားရသည်။ချစ်လေးက မြန်မာဝတ်စုံနဲ့ပေမဲ့ ကာလာတင်ထားတဲ့မျက်နှာလေးက ပန်းနုရောင်သမ်းကာ တလက်လက်ဖြစ်နဲ့ လှပနေသည်။
"ချစ်တေးအလင်္ကာ "
"ဟုတ်ကဲ့ ဒါ လက်ဆောင်.."
သူရိန်က ရေရွတ်သလိုခေါ်တာကို ချစ်လေးက ခေါင်းညိတ်ပြီး ပါကင်ထုတ်ကို သူရိန်ဆီ ကမ်းပေးသည်။
"ဘာများလဲ "
"ဟင့်အင်း မသိဘူး ဝါလေးပေးလိုက်တာ."
သူရိန် ရယ်ဟဟနဲ့ ပါကင်ထုတ်ကို လှမ်းယူပြီး..ရှိန်နားကပ်ကာ တိုးတိုးလေးပြောသည်။
"မင်းဥစ္စာစောင့်မလေးက လှသားပဲ.."
"မင်းကိစ္စ မဟုတ်ဘူး. "
"ဟုတ်ပါတယ် မင်းကိစ္စပါ..လာလာ ညီမ..ဒီဖက်ဝိုင်းထိုင်လိုက်"
သူရိန်က ခုံအလွှတ်တစ်လုံးကို ဦးဆောင်ခေါ်သွားပြီး ချစ်လေးထိုင်ဖို့ ကိုယ်တိုင် ခုံဆွဲထုတ်ပေးသည်။