👑 အနာဂတ် ချစ်သူ 👑
==================
Part-2
====="ခဏနေပါအုံး"
ချစ်လေး လှမ်းတားလိုက်ပေမယ့် ခြေလှမ်းကျဲကြီးတွေနဲ့ ယောက်ျားခြေလှမ်းကို ချစ်လေး လိုက်မမှီနိုင်။
ချစ်လေး တောင်အောက်ရောက်တော့ ရှိန်တို့ကို အရိပ်အယောင်တောင် မတွေ့ရတော့။
"ဟင်း.. "
ချစ်လေး အကြည့်တို့ ပတ်ဝန်းကျင်အနှံ့ ဝေယမ်းရောက်သွားသည်။
အထပ်မြင့်တိုက်တွေနဲ့ တိုင်ထူစိုက်ထားတဲ့ ပိုစတာကြီးတွေကို သူမမြင်နေရသည်။"တီတီ... "
ကားတွေ တဝီဝီနဲ့ ဖြတ်မောင်းသွားကြတာကြည့်ပြီး ချစ်လေး လမ်းဖြတ်ကူးဖို့ ခြေလှမ်းတုံ့နေမိသည်။
မော်တော်ကားတွေက ဘာလို့ဒီလောက်များနေရတာလဲ ၊
"ရှိန် ဟိုမိန်းကလေးမလား.."
ရှိန် ကားထွက်ဖို့ လုပ်နေရင်းမှ သူရိန်ညွန်ပြရာကို လှမ်းကြည့်သည်။သူမက လမ်းဖြတ်ကူးဖို့ ခြေချလိုက်၊ကားတစ်စီးလာတာနဲ့ နဂိုနေရာကို ပြန်ပြေးသွားလိုက်၊ သူမလှုပ်ခြားလိုက်တိုင်း ဆံပင်ရှည်တွေ ဝဲခနဲ့ခါသွားတာကိုက ဆွဲဆောင်မှုရှိတဲ့ ပန်းချီကားချပ်တစ်ခုကို ကြည့်နေရသလို။
"တောသူလား ဒါမှမဟုတ် ဒါလား.."
သူရိန် သူ့ခေါင်းကို လက်ညိုးထောက်ပြီးပြောတာကို ရှိန်လက်မခံနိုင်ပါ။ဘယ်လိုကြည့်ကြည့် တောသူပုံမပေါက်သလို စိတ်မမှန်တဲ့လူနဲ့လည်းမတူ။ဒါပေမဲ့ ထူးဆန်းနေသည် သူမပုံစံကြည့်ရသည်မှာ ခပ်တုံးတုံးနဲ့ ဒီနေရာက မဟုတ်နိုင်။
"ဘာလဲ ရှိန် မင်းရင်ထဲရောက်လာလို့လား."
"ဘာလို့လဲ "
"သူသာ ကပ်ပါတတ်တဲ့ပစ္စည်းတစ်ခုဆို မင်းရင်ထဲရောက်လောက်ပြီ."
"တော်စမ်းပါ မိန်းမတွေက အတူတူပဲ.."
"ငါထင်တာတော့ မတူဘူးထင်တယ် တောင်ပေါ်မှာ အဖြူရောင်မြန်မာဝတ်စုံနဲ့ မိန်းကလေးကို ဘယ်တုန်းက တွေ့ဖူးလို့လဲ.."
"ဒါဆို ဥစ္စာစောင့်လား"
"ဟားဟား မင်းပြောမှ ဥစ္စာစောင့်နဲ့တူလာသလိုပဲ သူ့ပုံစံက ဘယ်လိုကြည့်ကြည့် နွမ်းပါးတဲ့သူမဖြစ်နိုင်ဘူး ဖြန့်ချထားတဲ့ ဆံပင်ရှည်ရယ်၊ ဝင်းတဲ့သူ့အသားရယ် ညဖက်ဆိုရင် တကယ်ဥစ္စာစောင့်ထင်မိမှာပဲ ဟော ကြည့်စမ်း ရှိန်.."