👑 အနာဂတ် ချစ်သူ 👑
=================
Part-25
======"အိမ်လိုက်ခဲ့ကြ.."
"ကျွန်တော်ရော လိုက်လို့ရတယ်မလား.."
ရှိန့်မေးသံကြောင့် ဦးချစ်မြိုင်က လှည့်ကြည့်သည် ။
"မင်း မလိုက်ချင်ရင် နေလေ."
"ဟင့်အင်း မနေပါဘူး လိုက်မယ်.."
ရှိန်က ပြောရင်း သူ့ကျောပိုးအိတ်ကို ကောက်ယူသည်။
ဦးချစ်မြိုင် ရှေ့က လှည့်ထွက်သွားတော့ ချစ်လေးက ရှိန်နဲ့အတူ လျောက်ရင်း ခပ်တိုးတိုး ကပ်ပြောသည်။
"အဘိုးနဲ့တည့်အောင် ပြောနော်.ကလန်ကဆန်ပြန်မပြောနဲ့."
"အင်းပါ "
ရှိန် ခေါင်းညိတ်လိုက်ရင်း ပြုံးသည်။ပြောနေတဲ့စကားမဆုံးခင် ဖြတ်ဖြတ်ပြောတတ်တဲ့ ဦးချစ်မြိုင်ကြောင့် သူ့အဖြေသည်လည်း ကမှောင့်ကမန်း.၊
အိမ်ထဲရောက်တော့ ဦးချစ်မြိုင်က ဧည့်ခန်းထဲတွင် သမီးရှင်ရဲ့စတိုင်အတိုင်း ခေါင်းမော့ရင်ကော့ထိုင်သည်။ဧည့်ခန်းထဲတွင်တော့ ဦးချစ်မြိုင် ချစ်လေးနဲ့ ရှိန် သုံးယောက်တည်းဖြစ်သည်။
ချစ်လေးက ခုံပေါ် တက်မထိုင်ဘဲ အောက်မှာ မျက်နှာလေးငုံ့ထိုင်သည်။ရှိန်လည်း ချစ်လေးလိုထိုင်ဖို့ ဟန်ပြင်လိုက်သည်တွင်..၊
"အပေါ်မှာ လာထိုင် မြေး."
ဦးချစ်မြိုင်စကားကြောင့် ချစ်လေးရော ရှိန်ပါ ကျွန်းကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကြသည်။
"မင်းက ဘာလို့ထိုင်တာလဲ."
"ခင်ဗျာ ခုနက အပေါ်မှာထိုင်ဆိုလို့.."
"မင်းကို ပြောတာ မဟုတ်ဘူး ငါ့မြေးကိုပြောတာ ငါ့မြေးက မပေါ့မပါးကြီးနဲ့ အောက်မှာထိုင်လို့ သင့်တော်မလား.မင်း စဉ်းစားကြည့်ပေါ့."
"ဟုတ်ကဲ့ "
ရှိန် ခေါင်းညိတ်ပြီး ခပ်ရို့ရို့ထရပ်လိုက်သည်။
"အဘိုး "
"မြေး..အသာနေစမ်း.."
ချစ်လေး ပါးစပ်ပိတ်သွားပြီး ရှိန်ကိုမော့ကြည့်သည်။ရှိန်က ဘာမှမဖြစ်ဘူးသဘောနဲ့ ခေါင်းခါပြသည်။