Final ( Censor version)

3.4K 69 5
                                    

[Zawgyi]

❝အစဉ်အမြဲအတွက်.......
ကိုယ့်ရဲ့ အချစ်မြတ်နိုးရဆုံးသော
မမကြည်ပြာသက်ဝေ။❞

❀❀❀

၂၀၁၉ခုနှစ်၊ ဇူလိုင်လ

ရန်ကုန်ကနေ ပဲခူးကိုလာသည့် လမ်းတလျှောက်... ကျွန်မရဲ့စိတ်တွေက ကားရဲ့အရှိန်နှုန်းထက်ပင်
ပို၍မြန်ဆန်စွာဖြင့် သူရှိရာအရပ်ဆီသို့
အတင်းကာရော ပြေးလွှားနေခဲ့သည်။

သူ့ကိုတွေ့ရင် ကျွန်မ ဘယ်လိုမျက်နှာထားမျိုးနဲ့ ဘယ်စကားကိုစပြောရမလဲ။ ညကတည်းက
တစ်ညလုံး စဉ်းစားနေခဲ့ပေမဲ့လည်း အခုထိ ဇဝေဇဝါဖြစ်နေရဆဲပါပင်။

သူ ကျွန်မကို စိတ်နာနေမှာလားဆိုသည့်
စိုးစိတ်တို့ဖြင့်လည်း ရင်ထိတ်ရသည်။
ကျွန်မ သူ့အမုန်းတွေနဲ့သာ ရင်ဆိုင်ရရင် ရူးသွားလိမ့်မလားလို့လည်း စိုးရိမ်မိသည်။ သေလောက်အောင် ကြိုးစားရင်တောင်
ကျွန်မဟာ သူမရှိတဲ့ဘဝမှာ ရာနှုန်းပြည့်
မပျော်ရွှင်နိုင်တာ သေချာသိပါလျက်နှင့်
ကျွန်မ သူ့ကို တွန်းထုတ်ခဲ့မိသည်။

တဒင်္ဂလေးအတွင်းမှာ ကျွန်မ
ဘယ်လိုတောင် မိုက်ရူးရဲဆန်ခဲ့မိတာပါလိမ့်။

ကားရဲ့ပြတင်းပေါက်ဘေးမှာ ထိုင်ခုံနေရာရတာတောင်မှ ကျွန်မ လမ်းခရီး၏ ရှုမြော်ခင်းတို့ကို မကြည့်မိ။
လက်ထဲက အဖြူရောင်ကျူးလစ်ပန်းစည်းကိုသာ
ငြှိုးငယ်စွာငေးကြည့်ရင်း အတွေးများနေခဲ့မိသည်။
ဘေးလူအနေနှင့်ကြည့်လျှင် တော်တော်လေး ကြောင်တောင်တောင် နိုင်နေလိမ့်မည်ထင်ပါသည်။

ပဲခူးဘက်ကိုဝင်လာတော့ မိုးလေဝသအခြေအနေက ရန်ကုန်မှာတုန်းကနှင့် မတူတော့ချေ။ တအိအိနှင့်
မိုးတွေက စွေနေသည်။ အိတ်ထဲကိုစမ်းကြည့်တော့
မိုးကာက ပါမလာ။ သူပျိုးထောင်ပေးထားသည့် အလေ့အကျင့်သေးသေးလေးကိုတောင်မှ ကျွန်မ
နားထောင်လိုက်နာဖို့ ပျက်ကွက်မိပြန်ပြီ။

ကျွန်မ လိုက်ပါစီးနင်းလာသည့်ကား ဂိတ်ဝင်းထဲ ရောက်လာတော့ မိုးကလည်း ရုတ်တရက်
ပိုသည်းလာ၏။ စိတ်ညစ်စရာ။ မိုးရေတွေ
စိုရွှဲကုန်တော့မှာပဲ။ ဒါကကိစ္စမရှိ။
ပန်းတွေပျက်စီးကုန်ရင် ပြဿနာ။
ထို့ကြောင့်ပဲ ကျွန်မရှေ့က လူတွေကုန်အောင်
စောင့်ပြီးတော့မှ ကျွန်မ ကားပေါ်ကနေ
ခပ်သုတ်သုတ် ဆင်းခဲ့လိုက်သည်။ သူ့အတွက်
ရည်ရွယ်သည့်ပန်းတွေမို့ နည်းနည်းလေးမှ ပွန်းပဲ့ထိခိုက်လို့မဖြစ်။

မမကြည်ပြာသက်ဝေ (completed )Donde viven las historias. Descúbrelo ahora