💔 အလျော်အစား 💔
================
အပိုင်း-၁၂
========"ယော မပြီးသေးဘူးလား.."
အထင် စကားမဆုံးမီပင် ယော တံခါးဖွင့်လိုက်သည်။အထင်က ယော တစ်ကိုယ်လုံးကို ဝေ့ကြည့်သည်။
ယောက အဖြူရောင်ဇာအင်္ကျီရင်စေ့လက်ရှည်လေးကို အဖြူရောင်အချိတ်လိုင်းတွေပါသော အနက်လုံချည်လေးနဲ့တွဲဝတ်ထားသည်။ကိုယ်လုံးလှသော ယောကိုယ်လေးက မြန်မာဝတ်စုံနဲ့လည်းလိုက်ဖက်သည်ပင်။သို့ပေမယ့်..ပြောင်တင်းနေသော မျက်နှာလေးက ဘာမှမလိမ်းထားမှန်းသိသာနေကာ..
"ဘာမှ မလိမ်းဘူးလား.."
"ဟုတ် ဘာမှလဲ လိမ်းစရာမရှိဘူးလေ သနပ်ခါးတုံးက မသွေးတတ်လို့.."
"သွေးပေးရင် လိမ်းမှာလား.."
"ဟင်..ယော တစ်ခါမှ မလိမ်းဖူးတော့..."
"လာ..."
အထင် အခန်းထဲပြန်ဝင်တော့ ယောကိုပါဆွဲယူသွားသည်။အထင်က ကျောက်ပျဉ်ရှေ့တွင်ထိုင်လိုက်ပြီး..ရေခွက်ထဲက ရေအနည်းငယ်ယူပြီး သနပ်ခါးစသွေး၏။
ယော အထင်လုပ်သမျှကို လိုက်ကြည့်နေပြီး မျက်ခမ်းစတွေ စပ်ဖျဉ်းလာရသည်။မောင် လုပ်နေပုံက ယောကို..ချစ်လွန်းလို့ လုပ်ပေးနေသလိုလို...
"ယော လာထိုင်.."
ယော ကျလုကျခင်မျက်ရည်တွေကို မျက်တောင်ရှည်တို့ဖြင့် ပုတ်ခက်သိမ်းဆည်းလိုက်သည်။
"မောင် လိမ်းပေးရမလား..."
"အင်း..."
ယော မျက်နှာလေး မော့ပေးတော့..အထင်နှုတ်ခမ်းတို့ပြုံးသွားသည်။ထို့နောက်..ယောမျက်နှာလေးအနှံ့သနပ်ခါးကို ညီညီညာညာလိမ်းပေးသည်။သနပ်ခါးပါးကွတ်လေးကိုလည်း.စိတ်ရှည်ရှည်နဲ့ လိမ်းပေးသည်။ရန်ငြိုးတွေသာမရှိရင်..ဘယ်လောက်ကောင်းလိမ့်မလဲ
"ဒီတစ်ဖက်က သေးသွားသလိုလဲ ယော မောင့်ဖက်နည်းနည်းတိုး..."
အထင်က ယောရဲ့မျက်ခုံးထူထူလေးတွင် ကပ်ငြိနေသော သနပ်ခါးကိုလည်း သွားပွတ်တံဖြင့် သေချာ ခြစ်ပေးသည်။
"မောင်. "
"ဟင်..."
"ယောကို ချစ်လား.. လိမ်ညာပြီးပဲဖြစ်ဖြစ်..ဖြေလို့ရပါတယ်..."