မြနဲ့ မာန ဇာတ်သိမ်းပိုင်း
''ဦးတိုးရေ...ခြံထဲထိမဝင်နဲ့တော့...ခြံပြင်မှာပဲရပ်ထားလိုက်... မြ ခဏလေး ပြန်လာမှာ...ဦးတိုး တစ်ညလုံး မအိပ်ရသေးပေမဲ့ မြကို အိမ်ပြန်ပို့နိုင်သေးတယ်မလားဟင်...´´
''ပို့မှာပေါ့သမီး...ဒီလောက်က အပျော့ပါ...ဦးတိုးမပင်ပန်းပါဘူး...ဒီမှာအဆင်သင့် စောင့်နေမယ်နော...လုပ်စရာရှိတာ စိတ်အေးလက်အေးလုပ်ပါ...´´
''ဟုတ်ကဲ့...မြတို့ အပြန်လမ်းကျမှတစ်နေရာရာမှာ နားကြတာပေါ့...မမနွယ်...မဆင်းနဲ့တော့နော်...မြ ခဏလေးပဲ ပြန်လာမှာ...´´
မမနွယ်က မြလက်ကို ခပ်တင်းတင်းတစ်ချက် ဖျစ်ညှစ်ပြီး ခေါင်းညိတ်ကာ ကားတံခါးကို လှမ်းဖွင့်ပေးသည် ။
ကိုယ့်အိမ်ကိုယ် ပြန်လာတာ ဆိုပေမဲ့ ခြံထဲလှမ်းဝင်လိုက်ဖို့ မြ အတန်ငယ် တွန့်ဆုတ်နေသည် ။ ဦးတိုးက အလိုက်တသိပင် ကားဟွန်းကို သုံးလေးချက်ဆင့်တီးလိုက်သည် ။ မနက်အစောကြီး ဆိုပေမဲ့ ပတ်ဝန်းကျင်ကိုလည်း မြ အားမနာနိုင်တော့ ။ ခြံတံခါးသံတိုင်တွေကို ဆုပ်ကိုင်ပြီး အိမ်ဆီသို့ လှမ်းမျော်ကြည့်လိုက်သည် ။ ဘဲလ်တီးလိုက်ရမလား ။ ပန်းနာမည်ကို အော်ခေါ်ရမလား ဝေခွဲမရစွာ ရပ်နေမိသည် ။ သူတို့မိသားစုရော ။ ရောက်နေပြီလား ။''မြရေ...ရောက်လာပြီလား...´´
ဝမ်းသာအားရ အသံနဲ့အတူ မြရှေ့မှာ လှစ်ခနဲပေါ်လာတဲ့ပန်း ။
''လာ မြ...ထူးတို့မိသားစု အခုလေးပဲရောက်တာ...မြရော မနက်စာ တခါတည်း ဝင်စားမလား...ဘယ်သူတွေပါသေးလဲ...´´
ပန်းအသံက ခပ်လောလော ။
''မမနွယ်တို့ပါတယ်...အိမ်ထဲတော့ မဝင်တော့ဘူး ပန်း...ထူးလေးနဲ့ စကားခဏပြောပြီးတာနဲ့ ပြန်မှာ...ထူးကိုခဏခေါ်ပေးလို့ရလား...´´
''ရတယ် မြ...ရတယ်...ထူး ကိုခေါ်ပေးမယ်...စကားကို ပြေပြေလည်လည်ပြောနော် မြ...´´
ပန်းဖွင့်ပေးတဲ့ တံခါးကနေ ခြံထဲလှမ်းဝင်ရင်း မြ ခေါင်းညိတ်ပြလိုက်သည် ။
''ဖေဖေရော...နေကောင်းတယ်မလား...မြ ထပ်လာခဲ့မယ်လို့ ပြောပြပေးနော်...´´
YOU ARE READING
မြနဲ့ မာန
Romanceမြထားတဲ့မာနဆိုတာ မြ ကိုလူအများနဲ့ ခြားပေးမဲ့စည်းတစ်ကြောင်းမဟုတ် ။ မြရဲ့ မာန က မြဆိုတဲ့ဖြစ်တည်မှုကို ကာကွယ်ပေးမဲ့ တံတိုင်းငယ်လေးတစ်ခုသာ။