အပိုင်း...၁၇

3.1K 343 66
                                    

တရိပ်ရိပ်ပြေးနေတဲ့ ကားပေါ်မှာ တရိပ်ရိပ်မူးဝေနေတဲ့ မြ ။ မြက ကားမူးတတ်သူမဟုတ်ပေမဲ့ တညလုံး အိပ်ပျက်ထားတာကော ခံစားချက်ပေါင်းစုံက အချိန်အတန်ကြာ နှိပ်စက်နေတာကြောင့်ကော မြ အရမ်းပင်ပန်းနေတာ ။ ဖြစ်နိုင်ရင် မြ လူတွေနဲ့ အဝေးဆုံး ကို ထွက်ပြေးသွားချင်ပြီ ။ မြ မရှိတော့ရင် အားလုံးအေးချမ်းသွားမှာ ။ သူ့ဆီကနေ သူရှိနေတဲ့ အသိုင်းအ၀ိုင်းကနေ မြ ပျောက်ကွယ်ပေးသွားရင် ရပြီ မဟုတ်ဘူးလား ။
ဒါမှမဟုတ် မြရှိနေတဲ့ အရပ်ကနေ သူ့ကိုအဝေးရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ရင်ကော ။

     သူ့ကို မြ ဒီထက်ပိုပြီး မခံစားစေချင်တော့ ။ သူ့မျက်ရည်တွေကို မြ မကြည့်ရက်တော့ ။ သိပ်ကိုငယ်သေးတဲ့ မြရဲ့ ချစ်ရသူလေး ။ မြ ရဲ့ မျော်လင့်ချက်လေး ။ မြရဲ့ နောက်ဆုံးချစ်ရပါသော အချစ်ဆုံးလေး ။ အမေဖြစ်သူုရဲ့ အတ္တနဲ့
မြရဲ့ မာနကြားက မြေစာပင်လေး ။

      တမင်လွတ်ချ ပစ်ချင်တဲ့ လက်ကလေး မဟုတ်ဘူး သူ ။ ဆက်ပြီး ဆုပ်ကိုင်ထားရင် နာကျင်ရမှာစိုးလို့ လွှတ်ချလိုက်တော့မှာ ။ မြ က တသက်လုံး အထီးကျန်လာတဲ့သူ ။ သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ ။ သူလေးက ခုမှ လောကကြီးရဲ့ တံခါးပေါက်တွေကို ဆွဲဖွင့်ဖို့ ပြင်နေတဲ့သူ ။ မြင်သင့်တဲ့ မြင်ကွင်းအားလုံး ကြည့်ပါဦး ။ ခံစားသင့်တဲ့ အပျော်တွေအားလုံး ခံစားကြည့်ပါဦးသူရယ် ။ ဟောဒီ နာကျင်မှုတွေဘဲခံစားရစေမဲ့ တံခါးပေါက် ကနေ ခွာပါတော့ ။ တံခါးပေါက်ကို ပိတ်နိုင်ဖို့ဆို အပေါက်ဝမှာ ရပ်နေတဲ့သူကို ဖယ်ခိုင်းရမယ်၊ဖယ်ခိုင်းလို့မှ မဖယ်ပေးရင် တွန်းထုတ်ရမယ် မဟုတ်လား ။
တွန်းအားကြောင့် ရလာတဲ့ ဒဏ်ရာကို မမရဲ့ ချစ်သူလေး အမြန်ဆုံး ကုစားနိုင်အောင်လည်း ဆုတောင်းပေးရပါဦးမယ်  ။

     နိမ့်ချည် မြင့်ချည် ကွေ့ချည်ကောက်ချည် လမ်းမပေါ်မှာ ရှေ့ဆင့်နောက်ဆင့် ပြေးနေတဲ့ကားလေး နှစ်စီး ။ မြင်ကွင်းထဲက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ နောက်ကားကို ဘေးမှန်ကနေ ငေးကြည့်ရင်း ခိုင်မာသထက်ခိုင်မာလာတဲ့ ဆုံးဖြတ်ချက် တွေထဲ  မြတစ်ယောက် လူးလူးလွန့်လွန့် နာနာကျင်ကျင်။

မွနဲ့ မာနWhere stories live. Discover now