အပိုင်း...၁၃

3.6K 349 36
                                    

ည ။ လက အေးမြမြသာနေသည် ။ အေးမြတဲ့ လရောင် အောက်မှာ အလှချင်းပြိုင်နေတဲ့ အမျိုးသမီး နှစ်ဦး။ တံတားလက်ရန်းတိုင်ကို တယောက်က ကျောပေးမှီပြီး လမင်းကြီးကို မော့ငေးနေသည် ။ တယောက်က တံတားပေါ်မှာထိုင်ပြီး အေးစက်နေတဲ့ ရေထဲမှာ ခြေထောက်ကို နစ်မြုပ်ဆော့ကစားနေသည် ။ ပတ်ဝန်းကျင်မှာ ဝေနေတဲ့ နှင်းနဲ့ ဆောင်းလေ အေးအေးက သူတို့နှစ်ယောက်ကို အအေးဓာတ်နဲ့ မပြုစားနိုင် ။

”ဒို့အရင်ဆုံး ပြောချင်တာကတော့ မြကိုဒို့ အနူးအညွှတ် တောင်းပန်ပါတယ် ဆိုတာပါဘဲ…”

    ရပ်နေတဲ့ အမျိုးသမီးကပြောတော့ ထိုင်နေတဲ့ အမျိုးသမီးရဲ့ ပခုံးက ပိုကျုံ့သွားသည် ။ အအေးဒဏ်ကြောင့်တော့ ဟုတ်ဟန်မတူ ။

”ဖေဖေ့ကို လက်ထပ်ခဲ့တဲ့အတွက် ဆိုရင်တော့…”

ထိုင်နေတဲ့တယောက်ရဲ့ စကားမဆုံး ။ ရပ်နေတဲ့တစ်ယောက်ရဲ့ အသံက ကြားဖြတ်ထွက်လာသည် ။

”ဟင့်အင်း...first year က အဖြစ်အတွက်ပါ... အဲ့တုန်းက ဒို့မြအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်…”

     ထိုင်နေတဲ့ အမျိုးသမီးဆီက ဘာအသံမှ မထွက်လာ ။ ရေထဲချထားတဲ့ ခြေထောက်တစ်စုံရဲ့ ခပ်သွက်သွက် လှုပ်ခတ်မှုကြောင့် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အသံတချို့ ဖြစ်ပေါ်လာသည် ။

    ”ဒို့လေ အဲ့ဒီတုန်းက ဒို့လုပ်ရပ်ကိုပြန်တွေးတိုင်း အားနာမိပေမဲ့ အမှန်အတိုင်းပြောရရင်  မြရဲ့စိတ်ကိုအံ့သြမိတယ်သိလား…”

    ရေကို ဆော့နေသံ ရပ်သွားသည် ။ အဲ့ဒီအစား ခပ်တိုးတိုးမေးသံ ပေါ်လာသည် ။

”ဘာလို့လဲပန်း...အမှန်အတိုင်းပြောရရင်တော့ ကျွန်မ အဲ့အကြောင်းတွေကို  ပြန်မပြောချင်တော့ဘူး ...ခုချိန်မှာ
ကျွန်မတို့ပတ်သက်မှုက…”

    ”ဒို့နားလည်ပါတယ်မြရယ်...ဒါပေမဲ့ဒို့စိတ်ထဲ ရှင်းချင်လို့ပါ...အဲ့ဒီ အဖြစ်အပျက် ပြီးတော့ ဒို့မှားသွားပြီဆိုတာ သိကတည်းက မြကိုဒို့ ပြန်တောင်းပန်ချင်ခဲ့တာ အခွင့်မသာခဲ့ဘူးလေ...တနေ့နေ့တော့ မြကို သေသေချာချာ တောင်းပန်ဖို့ ဒို့ဆုံးဖြတ်ထားလို့ပါ...ပြီးတော့ မြကိုအံ့သြတယ်ဆိုတာက မြရဲ့အရှုံးမပေးတတ်တဲ့ စိတ်ကိုပါ…”

မွနဲ့ မာနWhere stories live. Discover now