အပိုင်း...၁၈

3.3K 326 50
                                    

ထူးတကိုယ်လုံးလေထဲမှာ ၀ဲနေသလို ။ အရာရာကို ဘာမှမသဲကွဲတော့ ။ နားထဲမှာ ရက်စက်ဆိုးဝါးတဲ့ စကားလုံးတွေက တလုံးခြင်းကော အစုလိုက် အပြုံလိုက်ကော တိုးဝှေ့နေကြသည် ။ ဒဏ်ရာမပေါ်တဲ့ နာကျင်မှုက ဆံစကနေ ခြေဖျားထိ တကိုယ်လုံးကို လွှမ်းခြုံထားသည် ။ ခုခ်ျိန်မှာ ထူးဟာ လက်ဖျားလေးနဲ့ မတော်မဆ ထိမိရင်တောင် ပေါက်ကွဲသွားတော့မတတ် ပါးလျားလွင့်မျောနေတဲ့ ဆပ်ပြာပူဖောင်းလေး တစ်လုံးလို ။

    အခန်းထဲမှာ ရစရာမရှိအောင် ပျက်စီးကြေမွနေတဲ့ ပစ္စည်းတွေ ။ အခန်းထောင့်မှာ ဂစ်တာကလေးကို ပိုက်ပြီး ထိုင်နေတဲ့ထူး ။ အမြတ်တနိုး ထွေးပိုက်ထားတဲ့ ဂစ်တာလေးကို ငုံ့ကြည့်ပြီး ထူးမျက်ရည်တို့ ကျဆင်းလာပြန်သည် ။

     တချိန်က အိပ်ရာဝင်တေးသံ ချိုချိုတွေ ၊ ချစ်သူနားဆင်တေးတွေ ထုတ်လွှင့်ခဲ့ဖူးတဲ့ ဂစ်တာလေးက ခုတော့ သခင့်ခံစားချက်ကို နားလည်နေသည့်အလား ရင်ခွင်ထဲမှာ သူ့သခင်နဲ့ တသားတည်း လဲလျောင်း ငြိမ်သက်လို့ ။

      အိမ်ရဲ့ တစ်နေရာရာကနေ တေးသံတို့ ထုတ်လွှတ်ဖြစ်တိုင်း ငြိမ်သက်နားဆင်တတ်သည့် ပုံရိပ်တစ်ခုကို မြင်ယောင်လာပြန်တော့ တခဏငြိမ်သက်သွားတဲ့ သွေးတို့ ပူလောင်ဆူပွက်လာပြန်သည် ။ အလကားအ ယောင်ဆောင်တွေ ။ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်တဲ့သူ ။ ပေးခဲ့ဖူးတဲ့ အစစ်အမှန်တွေကို ကွယ်ရာမှာလှောင်ပြောင် ရယ်မောနေမဲ့ ပုံရိပ်တစ်ခုကို မြင်ယောင်ပြီး
လက်ထဲကဂစ်တာကို ခုတင်စောင်းနဲ့ မိတ်ဆက်ပေးလိုက်သည် ။ သွားတော့ ဘာမှ မလိုအပ်တော့ဘူး ။ အလကားတွေ ။

    ဘယ်နှစ်ရက်လဲ ။ ခုလို ရစရာမရှိအောင် ကြေမွပျက်စီးနေတာ ဘယ်နှစ်ရက်လဲ ။ ပျော်ရွှင်မော်ကြွားနေမဲ့ မျက်နှာကို အတွေးထဲ မြင်ယောင်ပြန်တော့ မခံချင်စိတ်က ရုန်းကြွလာသည် ။ တန်ရဲ့လား ။ ကိုယ်တစ်ယောက်တည်း တစ်ဘက်သတ် ကြေမွပျက်စီးနေတာ တန်ရဲ့လား ။

     အလုံပိတ်ထားတဲ့ ပြတင်းပေါက်ကို
တချက်ငေးမိပြီး ပြင်လိုက်ဖျက်လိုက် ဆုံးဖြတ်ချက်ကို အခိုင်အမာချလိုက်သည် ။ အပျက်အစီးတွေကို ကျော်ခွပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည် ။ ဘယ်နှစ်ရက်များ အမှောင်ကျနေသလဲ မသိ ။ မျက်ဝန်းတွေက အလင်းဒဏ်ကို မခံနိုင်စွာ စူးအောင့်သွားရသည် ။
    အတန်ကြာရပ်နေပြီးမှ အင်အားချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ အောက်ထပ်သို့  ခပ်ဖြည်းဖြည်း ဆင်းလာခဲ့သည် ။ လှေကားပေါ်က အဆင်းမှာ အောက်ထပ်ဧည့်ခန်းက စကားသံတချို့က ထူးကို ဆီးကြိုသည် ။ နားထောင်နေဖို့ စိတ်ကူးမရှိပေမဲ့ ရှေ့ဆက်လှမ်းဖို့ အခက်တွေ့နေတဲ့ ခြေထောက်တွေကြောင့် လှေကားထစ်ပေါ်မှာ ခပ်ဖြည်းဖြည်း ထိုင်ချလိုက်ရသည် ။ စကားသံတွေက ထူးရှိရာသို့ လှေကားထစ်တွေဆီကနေ ခုန်ပေါက်ပြေးတက်လာနေသလိုပင် ။

မွနဲ့ မာနWhere stories live. Discover now