မမနွယ်အားချစ်စကားဆိုထားသည်မှာ နှစ်ပတ်မျှပင်ကြာမြင့်နေပြီဖြစ်ပါသည်။သို့သော် မမနွယ်သည် ဖြူ့အား မည်သို့သောအဖြေမျိုးမှပြန်မပေးပါ။ဖြူသည် မမနွယ် ဆီသို့နေ့တိုင်းလိုပင်သွားခဲ့သော်လဲ မမနွယ်သည် ဖြူ့အား ပန်းအကြောင်းများပြောပြခြင်း တစ်ခါတစ်ရံဟိုဟိုဒီဒီလျှောက်လည်ခြင်းဖြင့်ပင်အချိန်ကုန်ဆုံးတတ်သည်။မမနွယ်သည် ချစ်စကားဆိုထားသည့်ကိစ္စအား စကားစ၍ပင်မပြောချေ။ဖြူပြောလျှင်လဲစကားစကိုပင်လွှဲပစ်ပါသေးသည်။နှစ်ပတ်ကြာပြီးတိုင် ဘာအဖြေမှပြန်မပေးသည့် မမနွယ်အားဖြူ စိတ်ပင်မရှည်ဖြစ်လာမိသည်။ထို့ပြင်အနည်းငယ်လဲစိတ်ဆိုးမိပါသည်။မမနွယ်သည် ဖြူ့အချစ်အားအလေးမထားသည်မို့ ရှောင်လွှဲနေခြင်းလားဟုလဲစိတ်ထဲသိမ်ငယ်စွာတွေးမိပါသည်။ဖြူ အတွေးများဖြင့်ယောက်ယက်ခတ်နေစဉ်
"အဖြူ..ဘာကြောင့်များမှိုင်တွေငြိမ်နေသလဲကွယ်။"
"ဘာမှမဟုတ်ပါဘူးမမနွယ်။"
"အို..ဘာမှမဟုတ်ဖူးရယ်တော့မဖြစ်နိုင်ပါဘူးကွယ်။အဖြူ့မျက်နှာက ဆူပုတ်ပြီးမှိုင်တွေနေတာပဲကွယ့်သိရဲ့လား။"
"ဒါဖြင့် မမနွယ်က ဖြူဘာကြောင့်မှိုင်တွေနေမိတယ်ထင်သလဲ။"
"အို ဘာကြောင့်များပါလိမ့်။ဧကန်နအဖြူဗိုက်ဆာလို့များလား။"
"အလိုရှင် ဗိုက်ဆာလို့မှိုင်ရအောင်ဖြူက ကလေးလားမမနွယ်ရဲ့။"
"ဒါဆို အဖြူကဘာကြောင့်များမှိုင်နေသလဲ။မမနွယ်က အဖြူ့ကိုဒီနေ့လျှောက်မလည်ပေးလို့များလား။ဒီနေ့တကယ်မအားလို့ လျှောက်မလည်ပေးဖြစ်တာပါကွယ်။နောက်နေ့အားမှ ဘုရားနားကအကြော်ဆိုင်မှာမမနွယ်က အကြော်လိုက်ကျွေးမယ်နော်။"
"မမနွယ်ကသိပ်ကိုစကားလွှဲတတ်ရန်ကောပါလား။မမနွယ် မသိချင်ယောင်မဆောင်ပါနဲ့လေ။ ဖြူဒီလိုမှိုင်နေတာ မမနွယ်ကြောင့်ဆိုတာမမနွယ်သိသားနဲ့ မမနွယ်ကသိပ်ရက်စက်တယ်။"
"အိုကွယ် အဖြူရယ်..အဖြူက မမနွယ်ကြောင့်မှိုင်တွေနေရသတဲ့လား။မမနွယ်ဖြင့်တကယ်မသိရိုးအမှန်ပါကွယ်။မမနွယ် အဖြူ့အပေါ်ဘာတွေများလုပ်မိလို့ အဖြူကမှိုင်နေရသလဲကွယ်။မမနွယ်ကိုပြောပြပါနော်။မမနွယ်က အဖြူ့အပေါ်ရက်စက်တယ်လို့တော့အဖြူကမပြောပါနဲ့ကွယ်။"
![](https://img.wattpad.com/cover/346252183-288-k884752.jpg)
YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romance"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"