Prologue

2.2K 99 23
                                    

(Unicode)

ရာသီဥတုက အပြင်မှာ နှင်းများကျနေသည့်အထိ အေးစိတ်နေသော်လည်း အခန်းတွင်းတွင်တော့ လေပူပေးစက်ကြောင့် အနည်းငယ်ပင် နွေးထွေးနေသည်...။ အခန်းထောင့်တစ်နေရာခပ်လှမ်းလှမ်းတွင်တော့ ကွန်ပျုတာခလုတ်ရိုက်နေသံမှလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်...။

တစ်ချက်တစ်ချက် ကျွန်တော့်ဘေးမှ သူ့ရဲ့အသက်ရှုသံပြင်းပြင်းနှင့်အတူ ကပ်ပါလာသည့် သက်ပြင်းချသံက ကျွန်တော့်နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းကာ စူးနစ်နာကျင်စေသည်...။ ကျွန်တော့်ရင်ထဲ မောပန်းနွမ်းလျမူကြောင့် အသက်ရှုသံတောင် ပုံမှန်မဟုတ်ချင်...။ ဘေးရှိသူ့ကို စကားပြောဖို့ ကြိုးစားမိသော်လည်း ကျွန်တော့်မှာသူ့အတွက် ပြောစရာစကားလုံးများမရှိခဲ့...။

အခုအခြေအနေမှာ သူ့ကို နှစ်သိမ့်နိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်တောင် ယုံကြည်မူမရှိပါ...။ သူ့အတွက် ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ပါလားဆိုသည့် အတွေးကပင် ကျွန်တော့်ရင်ကို နာကျင်စေပါသည်...။ ခဏကြာတော့ အခန်းတံခါးပွင့်သံနှင့်အတူ ကျွန်တော်တို့နှစ်ယောက်ထိုင်နေသည့် ရှေ့ကို အသက်ခပ်ကြီးကြီး လူတစ်ယောက်ရောက်လာသည်...။

ထိုလူက ကျွန်တော်တို့စားပွဲရှေ့ထိုင်ကာ ကျွန်တော်တို့ကို စိတ်မကောင်းသည့်မျက်ဝန်းများဖြင့် ကြည့်နေသည်...။ ကွန်ပျုတာရိုက်နေသည့် လူက ထလာပြီး ကျွန်တော့်တို့ အရှေ့မှ လူထံ စာရွက်နှစ်ရွက်ပေးလိုက်တော့ ထိုလူက ထိုစာရွက်နှစ်ရွက်ကို ကျွန်တော့်တို့နှစ်ယောက်ရှေ့စားပွဲပေါ်တင်ကာ တိုးပေးလိုက်သည်...။

ကျွန်တော် မျက်လုံးရှေ့ရောက်လာသည့် ထိုစာရွက်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်...။ ထိုလူက စာရွက်ပေါ် ဘောပင်နှစ်ချောင်းတင်ပြီး စကားစလာသည်...။

''လက်မှတ်မထိုးခင် သေချာစဉ်းစားစေချင်တယ်"

ကျွန်တော် ဘာမှမပြော စာရွက်ကိုသာ ငေးကြည့်နေမိသည်...။ သူက စာရွက်တစ်ရွက်ကို ဆွဲယူလိုက်တော့ ကျွန်တော် ထိတ်လန့်နာကျင်စွာ သူ့ကိုလှည့်ကြည့်လိုက်သည်...။ သူက အေးဆေးစွာပင် ဘောပင်တစ်ချောင်းကိုယူပြီး စာရွက်ပေါ်လက်မှတ်ထိုးလိုက်ရာ ကျွန်တော် ရင်ထဲနာကျင်စွာ အလိုလိုမျက်ရည်ကျလာပြီး မျက်ရည်များကြားမှ သူ့နာမည်ကို စိတ်ထဲ နာကျင်စွာ ရေရွတ်မိသည်...။

The Devil (Completed)Donde viven las historias. Descúbrelo ahora