အခန်း (၂၂၈) – "ရှင့်လိုလူမျိုးက ကျွန်မရဲ့ ဖိနပ်သယ်ပေးဖို့တောင် မထိုက်တန်ဘူး" (၃)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
မတ်လ ၆ရက်နေ့ ညတွင် ဖန့်ကျွင်းရုံသည် သူမ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများ ပြီးစီးသွားပြီဖြစ်၍ အိမ်ပြန်ဖို့ ပြင်ဆင်နေသည့်အချိန်တွင် ဦးလေးကျန်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ဦးလေးကျန်းက သူမကို ကျန်းအိမ်တော်ဟောင်းသို့ လာခိုင်းပြီး သက်သေအဖြစ် ဖိတ်ကြားလိုကြောင်း ပြောဆိုခဲ့သည်။
ဖန့်ကျွင်းရုံက အချိန်ကို ကြည့်လိုက်တော့ ည ၈နာရီခွဲနေပြီဖြစ်ပြီး သူမ ကျန်းအိမ်တော်ဟောင်းသို့ ရောက်မည့်အချိန်က အနည်းဆုံး ည ၁၀နာရီခန့် ရှိလောက်ပေမည်။ သို့သော် ပြောရလျှင် ဦးလေးကျန်းသည် အကြောင်းပြချက်မရှိ မဆက်သွယ်တတ်သောကြောင့် ဒါက အလွန်အရေးကြီး၍ ဖြစ်ပေမည်။
သူမသည် ဒါကို ခဏလောက် စဥ်းစားပြီး အချိန်ပိုအလုပ်ဆင်းနေသော ကျန်းသဲ့ရှန်းအား ပြောလိုက်သည်။ "ဒီနေ့အတွက် ရှင့်အလုပ်တွေ မပြီးသေးဘူး ထင်တယ်။"
ကျန်းသဲ့ရှန်းက ခပ်ပါးပါး ပြုံးလိုက်သည်။ "ကိုယ်က လစာကောင်းကောင်းရတော့ အချိန်ပို အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေရမယ်လေ။"
ဖန့်ကျွင်းရုံက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ယောက်သား အောက်ထပ်သို့ ဆင်းသွားကာ ကျန်းအိမ်တော်ဟောင်းဆီသို့ ကားမောင်းသွားခဲ့ကြသည်။
သူတို့သည် ည ၁၀နာရီမထိုးခင် ၁၅မိနစ်အလိုတွင် ကျန်းအိမ်တော်ဟောင်းဆီသို့ ရောက်ရှိသွားခဲ့သည်။ အိမ်ထဲတွင် မီးထိန်ထိန်လင်းနေခဲ့ကာ အိမ်ရှေ့တွင် ဖန့်ကျွင်းရုံကို ကြိုဆိုဖို့ တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေခဲ့သည်။
ကျန်းသဲ့ရှန်းသည် ဖန့်ကျွင်းရုံ၏နောက်ဖက် ခြေတစ်လှမ်းအကွာမှ လိုက်ပါလာခဲ့သည်။
သူတို့ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားသောအခါမှာ ဖန့်ကျွင်းရုံသည် လူအုပ်လိုက်ကြီးကို သတိပြုမိလိုက်သည်။ ထိုလူအုပ်ထဲတွင် ကျန်းကျစ်ဆုနဲ့ ကျန်းကျစ်ယန်တို့ ပါဝင်ပေသည်။ သူတို့တွေရဲ့ အနားပတ်လည်မှာ လူအချို့ စုဝေးနေခဲ့ကြပြီး တစ်ဖက်ကို တစ်ဖက် စိုက်ကြည့်နေခဲ့ပြီး လေထုသည် အလွန်ပြင်းထန်နေခဲ့သည်။