Chapter (10)

370 62 2
                                    

Unicode


ပိုင်း (၁၀)

ညနေ ခုနစ်နာရီထိုးပြီးနောက်၊ ကျီရုံယန်နှင့် ယန်အန်ရန်တို့နှစ်ယောက်ဟာ အစမ်းလေ့ကျင့်မှုကို ပြီးပြည့်စုံစွာဖြင့် အဆုံးသတ်ခဲ့ကြတယ်။ ကျင်ရှိုက လေ့ကျင့်နေဆဲမို့ ဆိတ်ငြိမ်သော အထူးခန်းထဲတွင် ကျီရုံယန်တစ်ဦးတည်းသာဖြစ်နေတော့တယ်။

ကျီရုံယန်ဟာ အလင်းရောင်မှိန်မှိန်လေးတောင် မရှိသော မှောင်မိုက်လှသည့်ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့တယ်။ နားကြပ်နဲ့ သီချင်းနားထောင်နေရင်း အတွေးရေယဉ်တို့ဟာ လွင့်မြောနေလျက်။

မနက်တုန်းက ယောင်ရှောင်ဟာ သူ့ကို "တကယ်ပဲ အဆင်သင့်ဖြစ်နေပြီလား" လို့မေးခဲ့တယ်။ အဲ့စကားများရဲ့နောက်ကွယ်က အရင်းခံအဓိပ္ပါယ်မှာ သူနှင့် ကျင်ရှိုတို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာအလယ်တွင် ရှိနှင့်ပြီးသော ချိုမြိန်တဲ့အခိုက်အတန့်များအပြင် အခက်အခဲတွေကိုပါ ရင်ဝယ်ပိုက်ကြိုဆိုဖို့ တကယ်အဆင်သင့်ဖြစ်ပြီလား ဟုဆိုလိုခြင်းသာ...

ကျင်ရှိုကို မပြောနဲ့ဦး။ ဘေးလူ ယောင်ရှောင်ကတောင် သူ့အပေါ် အယုံအကြည် တစ်စက်မျှ မရှိတဲ့ပုံ..

အခုလိုဖြစ်လာခဲ့ခြင်းက အတိတ်က စိတ်ပျက်စရာကောင်းလှတဲ့ သူ့ အပြုအမူတွေကြောင့်ဆိုတာကို ကျီရုံယန်သိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ဘဝက သူ သေဆုံးသွားသည့်သတင်း ကြားလိုက်တာနှင့် မင်္ဂလာပွဲကိုဖျက်လို့ အပြေးအလွှား ရောက်ချလာခဲ့သော ကျင်ရှိုရဲ့နူးညံ့မှုနဲ့ ချစ်ခြင်းမေတ္တာအပေါ် သူ မျှော်လင့်ချက်သေးသေးလေးတော့ ဆုပ်ကိုင်ထားမိတယ်။ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ပြန်လည်ဆုံတွေ့သည့်အချိန်မှာတော့ သူအနေနဲ့ မျက်နှာတစ်ရာ ရှိရင်တောင် ကျင်ရှိုနံဘေးမှာ တစ်ချိန်လုံးတကျီကျီတစာစာ မလုပ်ဝံ့ပါလေ။

သူဟာ အရှက်မဲ့လွန်းပါဘိ။ ကျီရုံယန်ဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာပြီး တအားပါးရ ကိုက်ပစ် အပြစ်ပေးချင်လာမိတာ။ ဒါပေမယ့် ပါးစပ်ဟလိုက်သည့်အခိုက် မြှောက်ထားသည့် လက်ငါးချောင်းကို ဖြည်းညှင်းစွာ လက်သီးကျစ်ဆုပ်လိုက်ကာ ဖြည်းဖြည်းချင်း လက်ပြန်ချလိုက်တယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now