Chapter (58)

300 46 3
                                    

အပိုင်း (၅၈)


ဒါပေမယ့်လည်း ပြန်တွေးမိတဲ့နာကျင်မှုက အတွေးသက်သက်သာ ဖြစ်သောကြောင့် ကျင်ရှိုမှာ ချက်ချင်းပြန်တည်ငြိမ်လာတယ်။ သူ့မှာ ကျီရုံယန်ရဲ့နူးညံ့ညှင်သာလှတဲ့ မျက်နှာအမူအရာကိုကြည့်ရင်း စိတ်လှုပ်ရှားသွားသလို အနည်းငယ်လည်းလွမ်းဆွတ်မိသွားရဲ့။

အကယ်လို့ နောင်တတရားမှာ အကျိုးတစ်ခုခုရလိုက်တယ်ဆိုရင် ပေးဆပ်လိုက်ရတဲ့တန်ကြေးက အလကားမဖြစ်သွားဘူးမလား။ ကံမကောင်းမကြောင်းမလှတော့ လူတစ်ယောက်အနေနဲ့ မြစ်တစ်စင်းတည်းအပေါ် နှစ်ခါခြေချဖို့ရာ မဖြစ်နိုင်သလို နောင်တရနိုင်မှန်း သိနေပေမယ့်လည်း နောင်တတရားဆိုတာမရှိတဲ့ လမ်းကြောင်းမှန်ကို ရှာတွေ့နိုင်မှာမဟုတ်ပါလေ။

ကျင်ရှိုက နှစ်စက္ကန့်လောက်တွေးဆလိုက်ပြီးမှ ကုကျစ်နန်ကို စိတ်ရင်းနဲ့ပြောပြလိုက်တယ်။
"ကျီလောင်ရှီးပြောတာမှန်တယ်.. ဒါပေမယ့် နောက်ဆို နောင်တရစေမယ့်အလုပ်မျိုး မလုပ်တော့ဘူးလို့ ပြောတာက စံချိန် အရမ်းမြင့်လွန်းတယ်.. ဘဝက အဲ့လို ကျင်လည်ရတာမျိုးမှ မဟုတ်တာ.. တစ်ခါမှားလို့နောင်တရတယ်ဆိုတိုင်း ငါတို့တွေ နောက်ထပ်နောင်တရစရာတွေ ဘာမှထပ်မလုပ်တော့ဘူးလို့ မဆိုလိုဘူးလေ"

"အရင်က လုပ်ခဲ့မိတဲ့အမှားတွေကို ထပ်မလုပ်မိရင် ရပြီ"
ဒါက နာကျင်စရာတွေကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက်မှာ ကျင်ရှိုသဘောပေါက်လာခဲ့တဲ့ သဘောတရားတစ်ခုပဲ။

သူတို့ပြန်လည်ဆုံတွေ့ကတည်းက ကျီရုံယန်ဟာ နည်းနည်းချင်းဆီပြောင်းလဲလာတာကို ကျင်ရှို မြင်ရပါရဲ့။ ကျီရုံယန်တစ်ယောက် ဘာကြောင့်များ ရုတ်တရက်ကြီး စိတ်တွေပြောင်းလဲသွားတာလဲဆိုတာ၊ ကျီရုံယန်ရဲ့ပြောင်းလဲမှုတွေကရော ရေရှည်တည်ရှိနိုင်ပါ့မလားဆိုတာလည်း သူ မသေချာဘူး။ ဒါပေမယ့်လည်း သူ တဖြည်းဖြည်းချင်း သဘောပေါက်နားလည်လာတာတစ်ခုက အရင်တုန်းက သူနဲ့ကျီရုံယန်တို့ အတူတူရှိခဲ့တဲ့ပုံစံ၊ အပြန်အလှန်ဆက်ဆံပုံတွေမှာ မှားယွင်းမှုတွေ ရှိနေခဲ့တာကိုပဲ။

အရင်ဆုံး စိတ်လှုပ်ရှားခဲ့ပြီး ခံစားချက်တွေဖြစ်လာခဲ့တဲ့သူဟာ သူဖြစ်နေခဲ့တာမို့ ကျီရုံယန်ကို ဒီလမ်းဆီလျှောက်လာအောင် သူရဲ့ကန့်သတ်ချက်တွေနဲ့ မာနတွေကို နိမ့်ချပစ်လိုက်ခဲ့တာ။ တစ်နည်းပြောရရင် ကျီရုံယန်ကို ဒီလမ်းကြောင်းထဲ ဆွဲသွင်းခဲ့သူက သူဖြစ်နေခဲ့တာမို့ ကျီရုံယန်ကို သူနဲ့အတူတူ နစ်နာသွားမှာမျိုး၊ ပြဿနာတတ်သွားမှာမျိုး ဒါမှမဟုတ် များပြားလှတဲ့တောင်းဆိုမှုတွေကြောင့် ဝန်လေးသွားမှာမျိုး နည်းနည်းလေးတောင် မခံစားစေချင်ဘူးရယ်။ ဒါတွေကြောင့် မို့လို့လားပဲ။ သူတို့တွေဟာ  တစ်ယောက်ရဲ့ပျော်ရွှင်မှုတွေ၊ နာကျင်မှုတွေနဲ့ ခံစားချက်တွေကို အစစ်အမှန်ရင်ဖွင့်ပြီး မျှဝေခဲ့ခြင်းမျိုး မရှိခဲ့။ တစ်ယောက်ရဲ့ခံစားချက်တွေကို တစ်ယောက်က အပြည့်အဝမသိခဲ့သလို၊ နှစ်ဦးကြားညှိနှိုင်းဖြေရှင်းတဲ့အဆင့်ကို မရောက်ခဲ့တာမို့ နှစ်ယောက်ကြားဆက်ဆံရေးကို တိုးတက်လာစေမယ့် အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရတယ်။ ကျီရုံယန်က တစ်နေရာတည်းမှာ ရပ်ကျန်ခဲ့သလို သူကတော့ နောက်ဆုံးစည်းမျဉ်းတောင် မရှိတော့ဘဲ တစ်ဖက်သတ် အလျော့ပေးခဲ့ရာကနေ အပြန်အလှန်အပေးအယူမျှတနေရမယ့် လူနှစ်ယောက်က ပိုပိုဝေးသွားရုံပဲ ရှိခဲ့တာ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now