အပိုင်း-၉

513 65 7
                                    

Unicode

"မင်းအဲ့တာဘယ်လိုလုပ်လိုက်တာလဲ !"

မြေအောက်လောကကို ချုပ်ကိုင်စိုးမိုးသူ ရှုယုံက ယမန်နေ့က သားဖြစ်သူ မာ ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လိုက်သည့် အဖြစ်အပျက်ကြောင့် ဒေါသူပုန်ထနေသည်။ သူ့သား သွေးတိုးစမ်းလိုက်သူမှာ သာမန်နတ်ဘုရားမဟုတ်။ စွမ်းဆောင်ရှင်၏ သားတော်ဖြစ်သည်။ စစ်ပွဲများ၏ အရှင်သခင်ဟု ကမ္မည်းတွင်နေသူဖြစ်သည်။ Kim Mingyu ၏ ဒေါသမှာ အပျော်အပျက် စမ်းသပ်လို့ရသည့်အရာမဟုတ်ပါချေ။ သို့သော် သူကိုယ်၌မှာလည်း Mingyu အား အမြစ်ရှင်းချင်နေသူဖြစ်သည်။ သို့ရာတွင် ယခုမှာ အချိန်မကျသေး။ Mingyu နှင့် သူ့မျိုးနွယ်ဝင်အား လုပ်ကြံရန် သူ့အနေနဲ့ ရေရှည်စီစဥ်ထားပြီးသားဖြစ်သည်။ စေ့စပ်နေအောင် အကွက်ချပြီးသားဖြစ်သည်။ သို့သော် ထိုအရာတွေအား သူ၏သားက ဖျက်စီးပစ်လိုက်၏။

အကျိုးအကြောင်းကို အမျှော်အမြင်ရှိရှိ မသုံးသပ်နိုင်သော သူ့သား မာ ၏ လုပ်ရပ်မှာ Mingyu ကို စစ်ကြော်ငြာသလိုဖြစ်သွား၏။ ချိန်ကိုက်ထားသောဗုံးမှာ အချိန်မတန်မီ ပေါက်ကွဲသွားတော့မည့် အခြေအနေ။ သူတို့ မြေအောက်သားရိုင်းတွေသက်သက်ဖြင့် Kim Mingyu ကို မကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် ပူးပေါင်းထားရမည့် မျိုးနွယ်ဝင်မှာ စုန်းတို့မျိုးနွယ်ဖြစ်သည်။ ဤသို့ ဖြန့်ကျက်ထားသော လုပ်ကြံမှု မယိုယွင်းစေရန် မြေအောက်သားရိုင်းသခင် ရှုယုံဟာ သူ့သားနှင့် လက်အောက်ငယ်သားများအား မိမိဗိမာန်မှာသာ ခြေငြိမ်စေသည်။ 

မာ က တိတ်ဆိတ်သွားသည့်အခြေအနေကို တစ်ချက်ဆန်းစစ်ပြီး

"Mingyu ရဲ့ အားနည်းချက်ကို သိပြီမို့၊ ဘာမှအပင်ပန်းခံမနေပါနဲ့။ ကျွန်တော့်မှာအကြံရှိတယ်"

အေးစက်သောလေသံမှာ ဝမ်းသာခြင်းအနည်းငယ်လည်း စွက်နေသည်။ မာ က ပလ္လင်ပေါ်က သူ့အဖေကို တစ်ချက်မျှဦးညွှတ်ကာ ထွက်သွား​လေ၏။

တစ်ဖက်တွင်လည်း ခြင်္သေ့မျိုးနွယ်ဝင်တွေဟာ Kim Mingyu ကို တစ်စတစ်စဖြင့် ကြည်ညိုလေးစားခြင်းတို့ မှေးမှိန်လာ၏။ သို့သော် Mingyu မှာ ဆံချည်တစ်မျှင်လောက်တောင် အရေးတယူမလုပ်အားပါ။ မကြာ​သေးမီရက်ပိုင်းအတွင်း လူသား​တွေထံ ​ကြောက်မက်ဖွယ် ​လေမုန်တိုင်း တိုက်ခတ်သွားသဖြင့် ​နေအိမ်အချို့နှင့် ​ကောက်ပဲသီးနှံစိုက်ခင်း​တွေပျက်စီးယိုယွင်းသွားရသည်။ အသက်အရွယ်ကြီးရင့်သူတစ်ချို့လည်း ဤသို့​အင်အားကြီးမား​သော လေမုန်တိုင်း​ကို အံမတုနိုင်သဖြင့် အသက်ဆုံးရှုံးသွားကြသည်။ နတ်ဘုရား​တွေ​တောင် မဖီဆန်နိုင်​သော ထိုသဘာဝ​ဘေးကပ်ကြီးသည် ​စစ်​မြေပြင်ကို ​မောင်းခတ်လိုက်သကဲ့သို့ပင်။ 

ThunderCatWhere stories live. Discover now