Chapter 26

6.7K 224 79
                                    

"ရိပ်. .ရိပ် မသွားပါနဲ့"

ဦးရာဇ ဝုန်းခနဲ ထရပ်လိုက်ကာ သူ့သားကုတင်နား တိုးကပ်လာသည်။ တေဇ၏ အခြေအနေက ရိပ်၏အသက်ကို ဆရာတွေ ကယ်နိုင်လိုက်ကြချိန်၌ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

"သား သက်သာရဲ့လား၊ ရိပ် ရှိတယ်နော်၊ သူ ဘာမှမဖြစ်တော့ဘူး"

တေဇ၏မျက်လုံးများ ပွင့်လာပြီး သူ့ဘေးကုတင်ကို အားယူ၍ လှည့်ကြည့်လိုက်မိသည်။ သူ့ဘေးကုတင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသော ရိပ်ကို သူ တွေ့လိုက်ရသည်။

တေဇ ကုတင်ပေါ်မှ အတင်းအားယူထဖို့ ကြိုးစားမိ၏။ ရိပ် အသက်ရှင်နေသေးတာကို သူ ကိုယ်တိုင်ထိတွေ့ရပြီးမှ ယုံကြည်ချင်သည်။ သူ ရိပ်၏ အသက်ဝိဉာဉ်လေးကို အချိန်ကြာ လိုက်ဖမ်းခဲ့ရသည်လေ။

သူ့သားက သူ့လက်က ဆေးပိုက်တွေကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်တာကြောင့် ဦးရာဇ ထိတ်ခနဲ ဖြစ်သွား၏။ ကုတင်အောက်သို့ ဒယီးဒယိုင် ထိုးဆင်းသွားတာကြောင့် သူ ဘေးက အမြန်တွဲထိန်းထားရပြီး တေဇကို စိတ်ပူစွာ စောင့်ကြည့်နေရသည်။

"သား စိတ်ထိန်းလေ၊ အဲ့လိုမလုပ်ရဘူး"

"ရိပ်. .ရိပ် ထ၊ မျက်လုံးဖွင့်ဦး၊ ထလို့ပြောနေတယ်လေ!"

ရိပ်လက်ကို အတင်းသွားဆွဲလှုပ်နေတာမို့ ဦးရာဇ သူ့သားအား အမြန်ချုပ်ထိန်းထားရပြီး လျှောက်မလုပ်ဖို့ တားလိုက်ရ၏။

"အဲ့လိုမလုပ်နဲ့၊ သူ့ကို ဆရာတွေ ခက်ခက်ခဲခဲ ကယ်ထားရတာ၊ သူ့လက်ကဆေးပိုက်တွေ ပြုတ်သွားလိမ့်မယ်လေ၊ သူ သတိပြန်မလည်သေးရုံပါ၊ ဘာမှမဖြစ်တော့ဘူး၊ သားလုပ်မှ အန္တရာယ်တွေ များကုန်မယ်"

သူ့သားက ထိုမျှလောက်ဆွဲနေသည့်ကြားက ရိပ်နားကို ပြန်ရောက်သွားပြန်တာမို့ ဦးရာဇ သက်ပြင်းသာ ချလိုက်မိ‌တော့သည်။ တေဇက ရိပ်ကို ထိုမျှလောက်ထိ သဘောကျနေလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

တေဇ ရိပ်လက်က ဆေးပိုက်တွေ ပြုတ်ကုန်မှာစိုးလို့ ရိပ်၏လက်ကို ထပ်ဆွဲမလှုပ်တော့။ သူ ရိပ်၏ကုတင်ဘေးရှိ ခုံ၌ ဝင်ထိုင်လိုက်ကာ ရိပ်ဘေး၌ ခေါင်းမှောက်ချရင်း မူးနောက်‌နောက်ဖြစ်နေသည့် ခေါင်းကို ထိန်းထားရသည်။ ရိပ်က သူ စောင့်နေခဲ့သည့် ကလေးလေးဖြစ်နေတာကို ပျော်ရမည့်အစား သူ အလွန်ဝမ်းနည်းနာကျင်နေမိ၏။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now