14

1.6K 168 41
                                    

မက်ဒန်၏ညနေခင်းတစ်ခု၌ ပါရှေးစံအိမ်တွင် မကြုံစဖူးတေးသံအချို့ကပျံ့လွှင့်လျှက်ရှိသည်။လေလိုင်းမှပျံ့လွင့်လာသော တေးသံသာကို ပီဆမ်(မ်)ကခပ်တိုးတိုးညည်းရင်း မုတ်ဆိတ်ရိတ်သင်နေ၏။ယခင်က မုတ်ဆိတ်အရှည်မဟုတ်ပါသော်လည်း ပြောင်ရှင်းစွာရိတ်သင်ပြီးသည့်နောက် ငယ်ရွယ်မှုဂုဏ်အရှိန်အ၀ါနှင့် ၀င်းမွတ်မွတ်မျက်နှာပြင်က ကြည့်မှန်ထဲ၌၀င့်၀င့်ကြွားကြွားထင်ဟပ်လာတော့သည်။

ပွဲအခမ်းအနားက ခုနှစ်နာရီတွင်စတင်မှာဖြစ်သော်လည်း ပီဆမ်(မ်)ကနှစ်နာရီအလိုလောက်တည်းက ကြိုတင်ပြင်ဆင်နေတာဖြစ်သည်။မက်ဒန်၏အေးစက်စက်ရာသီဥတုကြောင့် ပီဆမ်(မ်)က ကာဖီရောင်ကုတ်အင်္ကျီအရှည်ကို သေသေသပ်သပ်၀တ်ဆင်ကာ ခီစံထံမှရထားသော မာဖလာနီညိုရောင်ဖြင့်ပတ်နွယ်လိုက်၏။မိသားစုမွေးနေ့တွေတောင် စိတ်မလှုပ်ရှားတတ်သည့်သူ့ရဲ့နှလုံးသားက အချိန်ခဏလောက်သာဖြတ်သန်းရမည့်ညနေခင်းတစ်ခုကိုတော့ အတော်လေးစိတ်လှုပ်ရှားနေရတာဖြစ်သည်။ချစ်သည်ကြိုက်သည်ဟု၀န်ခံရတာ ရှက်စရာမဟုတ်ပါသော်လည်း ထိုစကားတွေအား အချစ်ဦးလေးမျက်နှာကိုကြည့်ကာ မည်သို့မည်ပုံ၀န်ခံရမည်ကို သူသေချာမသိတော့ပေ။

" သိပ်ကိုသပ်ရပ်နေပါလား "

အခန်းထဲ၀င်ရောက်လာသည့်၀ီဆမ်(မ်)က ပီဆမ်(မ်)ရဲ့ပုံပန်းသွင်ပြင်ကို အကဲခတ်ကာ စူးစိုက်ကြည့်လာ၏။ယခင်နေ့တွေက မျက်လုံးထက်၌ ကပိုကရိုကျနေတတ်သည့်ဆံသားတွေက ယခုတော့နဖူးမောက်မောက်လေးပေါ်လွင်အောင် လှန်တင်ထားတာမို့ ပီဆမ်(မ်)ရဲ့ဆယ်ကျော်သက်ငယ်ရွယ်မှုက ပို၌ပေါ်လွင်နေတာဖြစ်သည်။

" ငါတကယ်ပဲဖွင့်ပြောဖို့အချိန်တန်ပြီလား ၀ီဆမ်(မ်) "

အလေးအနက်ထားကာမေးလာသည့် မေးခွန်းကြောင့် ၀ီဆမ်(မ်)ကအခန်းနံရံကိုကျောမှီကာ သူ့ညီအားတည်ငြိမ်စွာဖြင့်လှမ်းကြည့်လာ၏။

" ဘယ်အချိန်ထိမြိုသိပ်ထားမှာလဲ ဒီထက်ပိုပြီးအဆုံးရှုံးမခံနိုင်ရင် ဖွင့်ပြောလိုက် "

၀ီဆမ်(မ်)ကအေးစက်စက်ပြန်ပြောလာတာဖြစ်သော်လည်း ထိုစကားတစ်ခွန်းကပင် သူ့သတ္တိတွေကိုရဲဆေးတင်လာတာဖြစ်သည်။တစ်ဖက်သတ်ချစ်လာရသည့်အချိန်ကာလက လက်ချိုးရေတွက်ရင်တောင်လုံလောက်မှာမဟုတ်ပေ။လူတစ်ယောက်ကို မေတ္တာတွေပိုပေးမိသည်က အပြစ်တစ်ခုတော့မဟုတ်ပါလေ။

PaShay PeSamWhere stories live. Discover now