20

1.5K 148 22
                                    

စိမ်းသက်သက်ဖြစ်နေသည့်အငွေ့အသက်နှင့် အခန်းအပြင်အဆင်ကြောင့် ၀ီဆမ်(မ်)က သူ့နားထင်ကိုဖိနှိပ်ကာ အိပ်ယာပေါ်မှကုန်းထလာ၏။စိတ်ထဲမှတ်မိသလောက်တော့ ညကအတော်လေးအရှိန်မထိန်းနိုင်ဖြစ်သွားတာသိသော်လည်း ယခုလောက်ထိမူးပေသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။မူးနောက်နောက်ဖြစ်နေသေးတာကြောင့် သူ့နားထင်နှင့် နှာရိုးကိုလက်မဖြင့်ဖိနှိပ်ကာ ပတ်၀န်းကျင်ကိုစူးစမ်းလိုက်၏။သူ့အားထားရစ်ကာ ပြန်သွားလောက်မည်ဟုထင်ထားခဲ့သည့် စက်၀ဏ္ဏက ဆိုဖာပေါ်တွင်မလှုပ်မယှက်ထိုင်ကာ စီးကရက်ထိုင်သောက်နေတာမို့ ၀ီဆမ်(မ်)က တည်တည်ငြိမ်ငြိမ်ဖြင့်လှမ်းကြည့်လိုက်သည်။

" ဆောရီးကွာ ငါမနေ့ညကနည်းနည်းများသွားတယ် ငါ့ကြောင့်နဲ့မင်းကိုအနှောင့်အယှက်ဖြစ်စေမိပြီ "

အားနာဟန်ဖြင့်တောင်းပန်လိုက်တော့ စက်၀ဏ္ဏကသူ့လက်ထဲမှဆေးလိပ်တိုကို ပြာခွက်ထဲထည့်ရင်း ထိုနေရာမှမတ်တပ်ရပ်လိုက်သည်။

" ကျွန်တော်အစ်ကို့ဆီက အကြွေးပြန်တောင်းစရာရှိလို့ အခုချိန်ထိစောင့်နေတာ "

" အကြွေး? "

" မနေ့ညက အစ်ကိုမူးနေလို့အခန်းငှားပေးထားတယ်လေ အစ်ကို့ဆီမှာပိုက်ဆံပါလာတာမတွေ့လို့ ကျွန်တော်စိုက်ရှင်းပေးထားတယ် "

အကြွေးတောင်းဟန်ရှိသည့် စက်၀ဏ္ဏက စိတ်ထဲမပါစွာဖြင့်ပြောလာပုံရပြီး ၀ီဆမ်(မ်)ကိုမ၀ံ့မရဲလှမ်းကြည့်ကာ ချက်ချင်းမျက်နှာပြန်လွှဲသွားတာမို့ ၀ီဆမ်(မ်)ကငြိမ်သက်စွာဖြင့် ခပ်ရေးရေးပြုံးလိုက်၏။

" အဲ့ဒီအကြွေးကိုမှတ်ထားလိုက်ကွာ နောက်တစ်ခါတွေ့ရင်ပြန်ပေးမယ် "

နောက်တစ်ဖန်တွေ့ရန် စကားဆက်နေသည့်၀ီဆမ်(မ်)က သူ့ရင်ဘတ်ပေါ်မှကြယ်သီးတွေကို သေသပ်စွာပြန်တပ်ရင်း မျက်နှာသစ်ရန်ဟန်ပြင်လိုက်၏။စက်၀ဏ္ဏက စကားဆက်ရန် အခြားအကြောင်းအရာရှာမရသေးသော်လည်း ၀ီဆမ်(မ်)ရဲ့ဘေးတွင် ကပ်လိုက်ကာ နံရံကိုမှီတွယ်ထားသည်။

" အစ်ကို ညကခင်ဗျားအရမ်းမူးနေတာမှတ်မိလား "

" မူးတာမှတ်မိပေမယ့် ဘာတွေဖြစ်သွားသလဲဆိုတာတော့မမှတ်မိတော့ဘူး ငါဘာပြဿနာမှတော့မလုပ်ထားဘူးမလား "

PaShay PeSamWhere stories live. Discover now