အပိုင်း ( ၁ )

530 38 28
                                    

>> Unicode <<
~~~~~~~~~~~~

" တစ်ဖက်လူကမလိုချင်တာကို ဇွတ်အတင်းမပေးဘဲ အလိုက်သိပေးတာလည်း ချစ်နည်းတစ်မျိုးပဲ၊ မင်းကိုအနှောင့်ယှက်တစ်ခုလိုမျိုး ကိုယ်မမြင်ချင်ဘူး စော "

ဒါဟာ အကို့ဆီက ငါးဆယ့်သုံးကြိမ်မြောက်အငြင်းခံရခြင်း။ နှလုံးသားက အရေထူနေတာလည်း တစ်မျိုးတစ်ဖုံတော့ကောင်း၏။ အနည်းဆုံးတော့ စော အကို့ကိုပြုံးပြနိုင်သေးသည်။ အကိုက အမည်းရောင်ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တည်းမှာလွယ်ထားရင်း လက်တစ်ဖက်မှာစီးကရက်ကိုင်ထားရင်း အကြည့်တွေကစောဆီမှာ။

" ကျွန်တော့်အကို့ကိုနှောင့်ယှက်တာမဟုတ်ဘူး၊ အကိုကသာ နှလုံးသားကိုပိတ်ထားတာ "

အကိုက တိုးဖွဖွရယ်သည်။ စောရဲ့ခပ်ထူထူဆံပင်တိုတွေကိုလည်း လာဖွသေး၏။ အကို့ရဲ့ဖြူသွယ်သွယ်လက်ဖဝါးအောက် စောရဲ့ခေါင်းလုံးလုံးလေးမြုပ်သွားသည်။

" ဟုတ်တယ် ကိုယ်ကနှလုံးသားကိုပိတ်ထားတာ၊ မင်းသိနေရင်လည်း အတင်းဝင်ဖို့ကြိုးစားမနေနဲ့တော့ "

" ဒါပေမဲ့ ကျွန်တော်တကယ်.. "

" တော်တော့ စော ၊ အချိန်တွေလည်းကြာနေပြီပဲ မင်းလက်လျှော့သင့်ပြီ "

တိတ်ဆိတ်ခြင်းတွေလွှမ်းခြုံသွားတဲ့ ကျွန်တော်တို့ရဲ့စကားပြောခန်းက အကို့စိတ်တိုင်းကျ။ လူတစ်ယောက်တည်းကို ရင်ဘတ်ထဲထည့်ထားတဲ့အကိုက သစ္စာရှိတယ်ဆိုတဲ့အမှန်တရားကိုလက်ကိုင်ထားတာဆိုရင် ကျွန်တော့်ရဲ့အမှန်တရားမှာ အကိုကအသည်းမာသူပါပဲ။ အကိုကျွန်တော့်ကိုထပ်ပြီး ကျောခိုင်းသွားခဲ့တယ်။

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့လမ်းမပေါ်တွင် အဝါရောင်မီးတိုင်တွေဖျတ်ခနဲလင်းလာသည်။ အကိုနှင့်နှုတ်ဆက်ပြီး ပြန်လာတဲ့အိမ်ပြန်ချိန်တိုင်းဟာ ထပ်တူကျလေ့မရှိ။ ဒီနေ့မှာတော့ ပိုပြီးမှောင်ရီဝေဝါးနေသယောင်။ ကမ္ဘာမြေရဲ့ရာသီဥတုဟာ နှလုံးသားပေါ် အပြည့်အဝမူတည်လေသလား။

" စောကလေး "

ဘွားဘွားရဲ့ခေါ်သံကြောင့် ‌သောကအားလုံးကို အိမ်တံစက်မြိတ်မှာထားပစ်ခဲ့လိုက်သည်။ ဘွားဘွားရဲ့ရင်ခွင်ထဲတိုး‌ဝင်သည်နှင့် မေတ္တာတွေဟာ စောတစ်ကိုယ်လုံးကို ခြုံလွှမ်းလိုက်သည့်နှယ်။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now