အပိုင်း ( ၁၈ )

263 37 16
                                    

>> Unicode <<
~~~~~~~~~~~~

ရန်ကုန်သို့ဝင်ချိန်မှာ မှောင်ရီပျိုးစအချိန်ဖြစ်သည်။ စောကတော့ သူ့အိမ်ကိုဖုန်းကြိုဆက်ထား၏။ စောရဲ့ဖခင်ဖြစ်သူမှာ သူကိုယ်တိုင်လာကြိုမယ်ဆို၍ ကားကြီးဝန်းမှာပဲစောင့်ဖို့ သူတို့ဆုံးဖြတ်ထားကြသည်။

" စော.. "

လက်ကိုအသာယာလှုပ်ကာနှိုးတော့ သူ့ပုခုံးပေါ်မှီထားတဲ့ခေါင်းလေးလည်း လှုပ်ရှားလာ၏။

" ဟင်.. အကို "

" ရန်ကုန်ဝင်လာပြီ "

" ခဏအိပ်ချင်သေးတယ် "

ဆိုကာ လက်တွေကသူ့ခါးကိုတိုးဖက်ပြီး ပုခုံးပေါ်ပြန်မှီလာ၍ ဈာန်ရယ်မိသွား၏။ ကိုယ့်မှာသာ အမျိုးမျိုးသောအတွေးတွေကြားစိတ်လှုပ်ရှားလာတာ။ သူကတော့ တစ်လမ်းလုံးစိတ်ချလက်ချအိပ်လာတာများ သူ့အိမ်သူ့ရာနှင့်အထင်မှားနေသလားတောင်ထင်ရသည်။

" ထတော့လေ၊ ရောက်ခါနီးရင် အန်ကယ့်ကိုဖုန်းဆက်မယ်လို့ပြောထားတယ်မလား၊ ဆက်လိုက်ဦး "

" အကိုဆက်လိုက်ပါလား၊ သားတို့ရောက်တော့မယ်ဖေကြီးလို့ ပြောလိုက် "

ပြောပြီး သူ့စကားကိုသူသဘောကျကာ ရယ်နေတဲ့ကောင်လေး။ အိပ်ရေးဝနေတဲ့ရုပ်လေးက ကြည်ကြည်လင်လင်။ ဈာန်လည်း အသည်းယားသွားပြီး စောရဲ့ဆံပင်လေးတွေလှမ်းဖွသည်။

" အကိုဒီညဘယ်မှာအိပ်မှာလဲ "

" ငယ်ငယ့်အိမ်မှာပဲပေါ့၊ မနက်ဖြန်မှ ကိုယ့်တိုက်ခန်းကိုပြန်မယ်၊ ပစ်ထားတာကြာပြီဆိုတော့ သန့်ရှင်းရေးလုပ်ရဦးမယ်လေ "

" မနက်ဖြန်ဆို ကျွန်တော်လည်းအားတာပဲ၊ လာခဲ့မယ် "

စောရဲ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ထားလျက် ဈာန်ခေါင်းညိတ်သည်။ စီးနင်းလိုက်ပါလာတဲ့ကားက အဝေးပြေးဝန်းထဲဆိုက်ရောက်ချိန်မှာတော့ မိုးစုန်းစုန်းချုပ်လေပြီ။ လာကြိုမယ်ဆိုတဲ့ စောရဲ့ဖခင်ကို သိပ်ကြာကြာမစောင့်လိုက်ရ။ အဖြူရောင်ပရာဒိုလေးတစ်စီးက ကားဂိတ်၏အရှေ့တည့်တည့်မှာထိုးရပ်ချိန် စောကဝမ်းသာအားရပြေးထွက်သွားသည်။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now