အပိုင်း ( ၁၇ )

277 35 38
                                    

>> Unicode <<
~~~~~~~~~~~~

သီးစုံအချဉ်ဟင်းကို မြည်းကြည့်ရင်း နိုနိုကခေါင်းတညိတ်ညိတ်ဖြင့်ဆို၏။

" ရပြီ အိုးချလိုက်တော့ စော "

" ဟုတ်လို့လား မနို.. ခုနကမသီတာပြောသွားတာ ငံတယ်တဲ့ "

" ဒီလောက်က ထမင်းနဲ့စားရင်အနေတော်ပါပဲဆို၊ ငါကထမင်းဆိုင်ပိုင်ရှင်သမီးပါနော်၊ ဟင်းမြည်းနေကျပါးစပ်ပါ၊ ချလိုက်တော့ ဟင်းအိုးကို "

" ဟုတ် "

မနိုနိုနှင့်မသီတာတို့ကြားမှာနေရတဲ့ စောရဲ့ဒုက္ခကအဲ့ဒီလိုပါ။ မသီတာက ဟင်းချက်ရာမှာ စိတ်တိုင်းမကျရင် ဆူချင်ဟောက်ချင်။ မနိုနိုကတော့ အဲ့ဒီလိုမဟုတ်။ မသီတာဘာပြောပြော သူ(မ)ကောင်းမယ်ထင်သလိုလုပ်ချလိုက်တာ။ ပြီးမှ နှစ်ယောက်သားအဟောက်ခံရပေါင်းလည်းမနည်းတော့။

" အစ်မထမင်းဟင်းခူးခပ်ထားလိုက်မယ် စော ၊ နင့်အကိုတွေကို သွားခေါ်လိုက်တော့ "

" ဟုတ်အစ်မ ဒါဆိုကျွန်တော်သွားခေါ်လိုက်ဦးမယ် "

" အေး သွား သွား ၊ ဆေးစရာရှိတာတွေထားခဲ့လိုက်၊ ပြီးမှအစ်မဆေးမယ်  "

စော အပြင်ထွက်လာတော့ စာသင်တဲကပြန်လာတဲ့ပန်ရတီနှင့် ထိပ်တိုက်ဆုံ၏။ တစ်နေ့ညက အကိုတစ်‌ယောက်တည်းရှိနေသည့်တဲမှာ သူ(မ)ကိုမြင်လိုက်၍ စောရဲ့စိတ်ထဲမှာလည်း အစိုင်ခဲကြီးဖြစ်နေခဲ့သည်။ အခုလိုမျက်နှာချင်းဆိုင်ဆုံချိန်မှာတော့ ထိုမကျေလည်မှုက ပြန်အစပေါ်လာလေသည်။

" ထမင်းစားခေါ်ဖို့လား၊ ပန်ဝင်‌ခေါ်ခဲ့ပြီးပြီ၊ သူတို့အလုပ်လက်စသတ်ပြီးမှလာမယ်တဲ့ "

သူ(မ)ဘက်ကအရင်ပြောလာတော့ စောလည်း ခေါင်းညိတ်ရင်း..

" ရတယ် အကို့ကိုစောင့်ပေးမလို့ "

" ခဏလေး.. ပန် စောနဲ့စကားနည်းနည်းလောက်ပြောချင်လို့ "

" ရတယ် ပြောလေ "

" စာအုပ်လေးတွေသိမ်းလိုက်ဦးမယ်၊ ရှေ့မှာခဏစောင့်နော် "

သူခေါင်းညိတ်လိုက်တော့ ထိုမိန်းကလေးလည်းတဲပေါ်တက်သွားသည်။ ထိုနေရာမှာ စောက အတော်‌လေးစကားနည်းတယ်ဆိုရမည်။ အယောက်နှစ်ဆယ်ကျော်ရှိတဲ့အဖွဲ့ထဲမှာ ‌စောသေသေချာချာစကားပြောဖူးတဲ့လူက ဆယ်ယောက်ပင်မပြည့်။ ထိုလူထဲမှာ ပန်ရတီဆိုတဲ့အမျိုးသမီးလည်းမပါချေ။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now