ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ
အပိုင်း ၃ ။ အမှိုက်ကြယ်ယာဉ်ပျံကြီး၏စင်္ကြံလမ်းကို မီးတွေ ထိန်ထိန်လင်းအောင် ထွန်းညှိထားပြီး သတ္တုနံရံတွေမှာတော့ အရောင်အေးအေးလေးရှိသည့်အလင်းရောင်က ထင်ဟပ်နေလေသည်။
နားနေခန်းတံခါးရှေ့မှာ ယူနီဖောင်းနှင့်လူအချို့ မတ်တပ်ရပ်နေပြီး အထဲကို ချောင်းကြည့်နေကြသည်။ နားနေခန်းတံခါးကို တစ်ဝက်လောက်ပဲဟထားတာကြောင့် အထဲမှာ မှောင်မဲနေပြီး အသက်ရှူသံယဲ့ယဲ့ကိုလည်း ကြားနိုင်ပေသည်။ ထို့နောက် သူတို့ဟာ ပြန်လှည့်ထွက်လာပြီး စင်္ကြံလမ်းတစ်လျှောက် လျှောက်လာရင်း မသမာစကားတွေကို ပြောဆိုနေကြသည်။
"ဒီတစ်ခေါက် အစေခံကျွန်ဘယ်နှယောက်လိုတာလဲ"
ထိုလူတွေထဲမှတစ်ယောက်က လက်ကောက်ဝတ်ပေါ်ရှိ အီလက်ထရွန်နစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်
"စုစုပေါင်း လူ ၃၀၀၀ လိုတာ ငါတို့ယာဉ်ကနေတော့ လူ ၁၀၅ ယောက်သွားမှာ"
တခြားတစ်ယောက်က ခေါင်းညိမ့်လိုက်သည်။
"ဟုတ်ပြီ ဒါနဲ့ စစ်ဆင်ရေးကစစ်သားတွေကို နှစ်သိမ့်ဖျော်ဖြေပေးတဲ့ဌာနကို ပို့ဖို့ နည်းနည်းကြည့်ကောင်းတဲ့လူ အယောက် ၅၀ လောက် ရွေးလိုက်ဦး အခုပဲ အမိန့်ကျလာလို့"
ထိုလူစုထဲမှ အီလက်ထရွန်နစ်မျက်နှာပြင်ကို ငုံ့ကြည့်နေသူတစ်ယောက်က ရုတ်တရက်ရပ်သွားပြီး ဇဝေဇဝါနှင့် မျက်မှောင်ပင် ကြုံ့မိလိုက်သည်အထိ။ သူဟာ လက်ကိုဆန့်ထုတ်လိုက်ပြီး မျက်နှာပြင်ကို နှစ်ချက် ထပ်တောက်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
နောက်ထပ်လူတစ်ယောက်က တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိသွားမှုကြောင့် ရပ်မေးလာခြင်းဖြစ်သည်။
သူဟာ မျက်နှာပြင်ပေါ်က အဖြူရောင်အစက်ကလေးကို ချီတုံချတုံဖြင့် လက်ညိုးထိုးပြလိုက်သည်။
"ဒီမှာကြည့် အသက်မရှိတော့ဘူးလို့ ပြနေတဲ့ လက်ပတ်တစ်ခု ရှိနေတယ်"