ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၄ ။ Ragnarök*
ကောရှို့ ယခင်ကမ္ဘာတွင် ၅နှစ်တာနေထိုင်ခဲ့သည်။
မဟာမိတ် နယ်ချဲ့စစ်ပွဲ၏အကြွင်းအကန်များအားလုံးကို နောက်ချန်ရစ်ရင်း လယ်ဗီယာသန်ကို လူတွေ ယဉ်ကျေးမှုအမွေအနှစ်တွေမရှိသည့် အမည်မသိနဂါးငွေ့တန်းတစ်ခုသို့ မောင်းနှင်သွားသည်။
သူတို့သည် လူသားတို့သိကြသည့် ကမ္ဘာကြီး၏အစွန်းတစ်ဖက်ကို ဖြတ်ကျော်ခဲ့ကြပြီး သူတို့ကို ပို၍ကျယ်ပြောလှသည့် ကြယ်ပင်လယ်ကြီးတစ်ခုက တိတ်ဆိတ်စွာ စောင့်ကြိုလိုနေလေသည်။
၅နှစ်ဆိုသည့်အချိန်မှာ ခဏလေးပင်။
ကြယ်ဂြိုဟ်တွေကို အစိတ်စိတ်အမြွှာမြွှာခွဲထုတ်ပစ်သည့် တွင်းနက်(black hole)များ၊ နဂါးငွေ့တန်းများ အချင်းချင်းတိုက်မိသည်များ၊ အရာအားလုံးကိုပျက်သုဉ်းသွားစေသည့် စူးရှတောက်ပသည့် ကြယ်ပေါက်ကွဲမှုများကို မျက်မြင်ကြုံတွေ့ခဲ့ရကာ သူတို့အသက်တွေက အပ်ချည်မျှင်ပေါ် လျှောက်လှမ်းနေရသလိုဖြစ်သော်လည်း သူတို့မသိသည့် နေရာများကို ကျော်လွန်ကာ အမြဲတမ်း စူးစမ်းမြင်တွေ့ချင်ကြသည်။ ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံရပါစေ သူတို့၏စူးစမ်းရှာဖွေချင်စိတ်ကို မဟန့်တားနိုင်ပေ။
ကောရှို့၏ခန္ဓာကိုယ်ထဲမှ အသက်ဓါတ် တဖြည်းဖြည်း ထွက်ခွာကာ သေခြင်းတရားနှင့် နီးကပ်မလာခင်အချိန်ထိပေါ့။
သူ၏ကိုယ်တွင်းအင်္ဂါများသည် မလွယ်မသွေပျက်စီးခြင်းဆီသို့ ဦးတည်ကာ ပြိုလဲပျက်စီးလာခဲ့သည်။ ပထမဆုံး သူ၏လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးရကာ ဆက်ပြီး အမြင်အာရုံကိုပါ ဆုံးရှုံးခဲ့ရသည်။ သွေးလည်ပတ်မှုစနစ် အလုပ်မလုပ်တော့သည့်နောက် အသက်ရှူလမ်းကြောင်းဆိုင်ရာကိုယ်တွင်း အင်္ဂါများ ရပ်တန့်သွားပြီး သူ၏ရင်ဘက်အတွင်းမှ နှလုံးက နောက်ဆုံးအအကြိမ်အဖြစ် ခုန်လှုပ်ကာ တာဝန်ပြီးမြောက်သွားခဲ့သည်။
သူသေသွားပေပြီ။
သူ၏နောက်ဆုံးဆန္ဒအရ ကောရှို့၏ရုပ်ခန္ဓာကို မီးသင်္ဂြိုလ်ကာ ပြာများကို နဂါးငွေ့တန်းထဲသို့ မျောလွင့်စေခဲ့သည်။